ဒါကတော့ ဘော့ပ် (Bob) ပါ။ သူက အမေရိကမှာ နေထိုင်ပြီး နေ့စဉ်လိုလို အမေရိကန်ဒေါ်လာကို သုံးစွဲပါတယ်။ အခု သူက ယူရို (Euro) ငွေကြေးသုံးတဲ့ ဂျာမနီနိုင်ငံကို ခရီးသွားချင်နေတယ်။ ဒါပေမဲ့ ဘော့ပ် ငွေလဲတဲ့အခါမှာ ၁ ဒေါ်လာဟာ ယူရို ၉၀ ဆင့် (cents) နဲ့ပဲ ညီမျှတာကို တွေ့ရတယ်။ အဲဒီနောက် ဘော့ပ်က ဗီယက်နမ်ကို သွားပြန်တော့ ၁ ဒေါ်လာဟာ ၂၅,၀၀၀ ဒေါင် (Dong) ဖြစ်နေပြန်ရော။ #LGTmyanmar , #BBKmyanmar
ငွေကြေးတွေက ဘာလို့ တန်ဖိုး မတူကြတာလဲ? ဘာလို့ ၁ ဒေါ်လာဟာ ၁ ယူရို ဒါမှမဟုတ် ၁ ဒေါင် နဲ့ အညီအမျှ မဖြစ်ရတာလဲ? ပြီးတော့ ငွေလဲနှုန်းတွေက ဘာလို့ စက္ကန့်နဲ့အမျှ ပြောင်းလဲနေရတာလဲ? ဒီဗီဒီယိုမှာတော့ ကျွန်တော်တို့ ငွေကြေးလောက၊ ငွေလဲနှုန်းတွေနဲ့ ငွေကြေးတန်ဖိုးတွေ ဘာလို့ မတူရသလဲဆိုတာကို အသေးစိတ် လေ့လာသွားကြပါမယ်။
ငွေကြေးသမိုင်းအကျဉ်း
ငွေကြေးတန်ဖိုး ကွာခြားရတဲ့ အကြောင်းရင်းတွေကို မပြောခင် ငွေကြေးသမိုင်းအကျဉ်းကို အရင်ကြည့်ရအောင်။ အရင်တုန်းက ငွေကြေးဆိုတာ ရွှေလိုမျိုး အဖိုးတန်သတ္တုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ ဒါကို "ရွှေစံနှုန်း" (Gold Standard) လို့ ခေါ်ပါတယ်။ ဒီစနစ်အရ နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးဟာ သတ်မှတ်ထားတဲ့ ရွှေပမာဏနဲ့ ကျောထောက်နောက်ခံပြုထားတာ ဖြစ်လို့ ငွေလဲနှုန်းတွေဟာ တည်ငြိမ်နေတတ်ပါတယ်။ အစိုးရတွေအနေနဲ့ ရွှေအလုံအလောက်မရှိဘဲ ငွေတွေကို စိတ်ကြိုက် ရိုက်ထုတ်လို့ မရပါဘူး။
ဒါပေမဲ့ စီးပွားရေးတွေ ကြီးထွားလာပြီး ကမ္ဘာ့ကုန်သွယ်ရေး ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံတွေဟာ ရွှေစံနှုန်းကနေ ခွာလာကြပါတယ်။ အထူးသဖြင့် စစ်ပွဲတွေနဲ့ အကျပ်အတည်းကာလတွေမှာ ငွေကြေးတိုင်းအတွက် ရွှေအလုံအလောက်ထားဖို့ ခက်ခဲလာလို့ပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ နိုင်ငံအများစုဟာ "Fiat Money" (အမိန့်သုံးငွေ) လို့ခေါ်တဲ့ စနစ်သစ်ကို ပြောင်းလဲခဲ့ကြပါတယ်။
Fiat Money ဆိုတာ အစိုးရက ဒါဟာ ငွေကြေးဖြစ်တယ်လို့ သတ်မှတ်ထားပြီး လူတွေက ယုံကြည်လို့ တန်ဖိုးရှိနေတာပါ။ သူ့မှာ ရွှေလိုမျိုး ရုပ်ဝတ္ထုပစ္စည်း ကျောထောက်နောက်ခံ မရှိပါဘူး။ ဒါကြောင့် တချို့က ဒါကို "ငွေအတု" လို့တောင် ခေါ်ကြပါတယ်။
Fiat Money မှာ ရုပ်ဝတ္ထုတန်ဖိုး မရှိတဲ့အတွက် သူ့ရဲ့တန်ဖိုးဟာ "ဝယ်လိုအားနဲ့ ရောင်းလိုအား" (Supply and Demand) ပေါ်မှာပဲ မူတည်ပါတယ်။ အကယ်၍ လူအများစုက အဲဒီငွေကို လိုချင်ကြရင် တန်ဖိုးတက်လာပြီး ဘယ်သူမှ မလိုချင်တော့ရင်တော့ တန်ဖိုးကျသွားပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာလို စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတွေရဲ့ ငွေကြေးက တန်ဖိုးမြင့်နေပြီး၊ ငွေကြေးဖောင်းပွမှု အလွန်အမင်းဖြစ်ခဲ့တဲ့ ဗင်နီဇွဲလားလို နိုင်ငံမျိုးရဲ့ ငွေကြေးကတော့ တန်ဖိုး အလွန်နိမ့်ကျနေရတာ ဖြစ်ပါတယ်။
အပိုင်း (၁) - ငွေကြေးဖောင်းပွမှု
ငွေကြေးဖောင်းပွမှုဆိုတာ ငွေကြေးရဲ့ တန်ဖိုး စတင်ကျဆင်းလာတာကို ဆိုလိုတာပါ။ ရိုးရိုးလေးပြောရရင် ကုန်စည်နဲ့ ဝန်ဆောင်မှု ပမာဏထက် ငွေကြေးပမာဏက ပိုများနေတာပါ။ နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်မားလာရင် တန်ဖိုးကျနေတဲ့ ငွေကြေးကို ဘယ်သူမှ မကိုင်ထားချင်ကြတဲ့အတွက် ငွေတန်ဖိုးဟာ ထိုးကျသွားပါတယ်။ ဥပမာ- ၂၀၂၂ ခုနှစ်က ၁၀ ဒေါ်လာနဲ့ ပေါင်မုန့် ၂ လုံး ဝယ်လို့ရပေမဲ့ ၂၀၂၄ မှာတော့ ၁၀ ဒေါ်လာနဲ့ ပေါင်မုန့် ၁ လုံးပဲ ရတော့တဲ့ သဘောပါ။
အပိုင်း (၂) - အတိုးနှုန်း
အတိုးနှုန်းဆိုတာ ငွေချေးယူခအပေါ် ပေးရတဲ့ ရာခိုင်နှုန်းပါ။ ဗဟိုဘဏ်တွေက အတိုးနှုန်းကို သတ်မှတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အတိုးနှုန်း မြင့်နေရင် ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးအမြတ် ပိုရနိုင်တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံသူတွေက အဆိုပါနိုင်ငံရဲ့ ငွေကြေးကို ဝယ်ယူကြရတဲ့အတွက် ဝယ်လိုအားတက်ပြီး ငွေတန်ဖိုး ခိုင်မာလာပါတယ်။
ဒါပေမဲ့ အတိုးနှုန်းကို စိတ်ကြိုက် အဆမတန် မြှင့်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ အတိုးနှုန်းတက်ရင် လုပ်ငန်းရှင်တွေနဲ့ လူထုအတွက် ငွေချေးရတာ စရိတ်ကြီးလာပြီး စီးပွားရေး နှေးကွေးသွားနိုင်လို့ ဖြစ်ပါတယ်။
အပိုင်း (၃) - နိုင်ငံ၏ အခြေအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်တဲ့ နိုင်ငံတွေမှာပဲ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးချင်ကြပါတယ်။ အစိုးရ တည်ငြိမ်မှ ဥပဒေနဲ့ စည်းမျဉ်းတွေက မှန်မှန်ကန်ကန် ရှိနေမှာပါ။ ဆန္ဒပြပွဲတွေ၊ အလုပ်ပိတ်မှုတွေ များနေရင် လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေက ရှောင်ကြဉ်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံက တည်ငြိမ်လေလေ၊ ငွေကြေး တောင့်တင်းလေလေ ဖြစ်ပါတယ်။
အပိုင်း (၄) - ပို့ကုန် နှင့် သွင်းကုန်
နိုင်ငံတစ်နိုင်ငံက ကုန်ပစ္စည်းတွေ အများကြီး တင်ပို့နိုင်ရင် (ဥပမာ- ဂျပန်က ကားတင်ပို့တာမျိုး) ဝယ်ယူတဲ့ နိုင်ငံတွေက အဆိုပါနိုင်ငံရဲ့ ငွေကြေးကို လိုအပ်လာပါတယ်။ ဒါကြောင့် ပို့ကုန်များတဲ့ နိုင်ငံတွေရဲ့ ငွေကြေးက ဝယ်လိုအား များပါတယ်။ အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ရေနံရောင်းဝယ်မှုမှာ အဓိက သုံးစွဲနေရတာကြောင့် (Petrodollar) ကမ္ဘာပေါ်မှာ ဝယ်လိုအား အရှိဆုံးနဲ့ သြဇာအရှိဆုံး ငွေကြေး ဖြစ်နေရတာပါ။
အပိုင်း (၅) - ငွေကြေးတန်ဖိုး ချိတ်ဆက်သတ်မှတ်ခြင်း
တချို့နိုင်ငံတွေကတော့ သူတို့ရဲ့ ငွေကြေးကို ခိုင်မာတဲ့ တခြားနိုင်ငံကြီးတစ်ခုရဲ့ ငွေကြေးနဲ့ တိုက်ရိုက် ချိတ်ဆက် (Peg) ထားတတ်ပါတယ်။ ဥပမာ- ဘရူနိုင်းနိုင်ငံဟာ သူတို့ငွေကြေးကို စင်ကာပူဒေါ်လာနဲ့ ၁:၁ ချိတ်ဆက်ထားသလို၊ ဘီလိဇ် (Belize) နိုင်ငံကလည်း သူတို့ငွေ ၂ ဆကို အမေရိကန် ၁ ဒေါ်လာနဲ့ ညီမျှအောင် သတ်မှတ်ထားပါတယ်။ ဒါဟာ စီမံခန့်ခွဲရ လွယ်ကူပေမဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံကြီးရဲ့ စီးပွားရေးအပေါ် လုံးလုံးလျားလျား မှီခိုနေရတဲ့ အားနည်းချက် ရှိပါတယ်။
ကမ္ဘာတစ်ခုလုံး ဘာလို့ ငွေကြေးတစ်ခုတည်း မသုံးကြတာလဲ?
ဒါဟာ ကောင်းမွန်တဲ့ အကြံဉာဏ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ မရိုးရှင်းပါဘူး။ ဥပမာ- ဥရောပသမဂ္ဂမှာ ယူရိုငွေကို ဘုံသုံးကြပေမဲ့ နိုင်ငံတစ်ခုမှာ စီးပွားရေး ပြဿနာတက်ရင် (ဥပမာ- ၂၀၀၉ ဂရိနိုင်ငံ ဘဏ္ဍာရေးအကျပ်အတည်း) တခြားနိုင်ငံတွေကိုပါ ရိုက်ခတ်မှု ရှိစေပါတယ်။ နိုင်ငံတိုင်းက မိမိတို့ရဲ့ ငွေကြေးမူဝါဒကို ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ဘဲ ဗဟိုဘဏ်တစ်ခုတည်းကိုပဲ ပုံအပ်ထားရတဲ့အတွက် အန္တရာယ် များပါတယ်။
ငွေကြေးကို အတတ်နိုင်ဆုံး ခိုင်မာအောင် လုပ်သင့်သလား?
တကယ်တော့ အမြဲတမ်း မဟုတ်ပါဘူး။ စင်ကာပူလို သွင်းကုန်များတဲ့ နိုင်ငံကတော့ သွင်းကုန်ဈေးသက်သာဖို့ ငွေတန်ဖိုး တက်တာကို ကြိုက်ပါတယ်။ ဒါပေမဲ့ တရုတ်လို ပို့ကုန်များတဲ့ နိုင်ငံကျတော့ သူတို့ကုန်ပစ္စည်းတွေကို တခြားနိုင်ငံတွေက ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် သူတို့ငွေတန်ဖိုးကို တမင်တကာ လျှော့ချထားတတ်ပါတယ်။