သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် နဲ့ ဘယ်လို ချိတ်ဆက်အလုပ်လုပ်မလဲ

 



လက်ရှိအချိန်မှာ လူတွေဟာ အလုပ်မှာ အတော်လေးကို အဆက်အသွယ်ပြတ်တောက်သလို ခံစားနေကြရပါတယ်။ မိမိတို့ရဲ့ အဖွဲ့အစည်းတွေနဲ့လည်းကောင်း၊ မိမိတို့ရဲ့ အလုပ်တွေနဲ့လည်းကောင်း၊ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေပါတယ်။#LGTmyanmar , #BBKmyanmar

.

ဒီနောက်ဆုံးအချက်အတွက် တစ်ခုခုလုပ်ဖို့ သင့်ကိုယ်သင် အားအင်ကုန်ခန်းနေပြီလို့ ခံစားရနိုင်သလို၊ ဒါဟာ အရေးမပါဘူးလို့လည်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးဟာ ကျွန်ုပ်တို့ အလုပ်မှာ ဘယ်လောက်အထိ အောင်မြင်မယ်၊ ဆန်းသစ်တီထွင်နိုင်မယ်၊ ပျော်ရွှင်ရမလဲဆိုတာကို ဆုံးဖြတ်ရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

.

ကျွန်ုပ်တို့ရဲ့ အလုပ်ခွင်ဆက်ဆံရေးတွေက တန်ဖိုးရှိတဲ့ အရာနှစ်ခုကို ပေးစွမ်းပါတယ်- လူမှုရေးအရ အကူအညီပေးမှုနဲ့ အချက်အလက်များ ရယူနိုင်မှုတို့ ဖြစ်ပါတယ်။ သုတေသနတွေက ဒီနှစ်ခုပေါင်းစပ်မှုဟာ ကျွန်ုပ်တို့ကို ပိုပြီး ပျော်ရွှင်အောင်မြင်စေနိုင်တယ်လို့ ပြသနေပါတယ်။

ကျွန်တော်ဟာ လူမှုရေးသိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး၊ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ပုံက ကျွန်ုပ်တို့ရဲ့ ကောင်းမွန်စွာ နေထိုင်နိုင်မှု (well-being) နဲ့ ပညာရပ်ဆိုင်ရာ အောင်မြင်မှုကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာသူ ဖြစ်ပါတယ်။

သင့်အတွက် အကြံဉာဏ်အချို့ ပေးချင်ပါတယ်၊ ဒီအချက်တွေကို စမ်းကြည့်ဖို့အတွက် လူမှုဆက်ဆံရေး အလွန်ကောင်းမွန်သူ (social butterfly) ဖြစ်နေဖို့ မလိုအပ်ပါဘူး။


ယုံကြည်မှု တည်ဆောက်ခြင်း

ပထမအကြံဉာဏ်ကတော့ ပွင့်လင်းစွာ ပြောဆိုခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ပါ

အလုပ်မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးရှိခြင်းက ကျွန်ုပ်တို့ရဲ့ အလုပ်တွေကို ပိုပြီး ထိရောက်စေပြီး၊ ကျွန်ုပ်တို့ရဲ့ ကောင်းမွန်စွာ နေထိုင်နိုင်မှုကိုလည်း သေချာပေါက် တိုးတက်စေပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေရင် ဒီအချက်ကို သင် နားလည်ပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အလုပ်ခွင်က မိတ်ဆွေတွေဟာ နောက်ထပ်အကြောင်းပြချက်တစ်ခုအတွက်ပါ အရေးကြီးပြီး၊ ဒါက အချက်အလက် ရယူနိုင်မှုနဲ့ သက်ဆိုင်ပါတယ်။

လူတွေဟာ သူတို့ရဲ့ အကောင်းဆုံး စိတ်ကူးစိတ်သန်းတွေကို ဘယ်သူ့ကိုမဆို မျှဝေလေ့မရှိပါဘူး။ သူတို့ သိတဲ့နဲ့ ယုံကြည်ရတဲ့သူတွေနဲ့မှ မျှဝေပါတယ်

ကျွန်တော်ဟာ Google မှာ ဘာကြောင့် အချို့အဖွဲ့တွေက အောင်မြင်ပြီး တချို့ကျ ရှုံးနိမ့်လဲဆိုတာကို ရှာဖွေဖို့ နှစ်ပေါင်းများစွာကြာတဲ့ လေ့လာမှုတစ်ခုကို လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တွေ့ရှိခဲ့တာကတော့ အချင်းချင်း ယုံကြည်မှုရှိတဲ့ အဖွဲ့တွေဟာ ပိုပြီးတော့ အများကြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအဖွဲ့တွေက လူတွေဟာ သူတို့ရဲ့ အကောင်းဆုံး အကြံဉာဏ်တွေကို လုံခြုံစိတ်ချစွာ မျှဝေဖို့ ခံစားရလို့ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အဲ့ဒီ ယုံကြည်မှုကို ဘယ်လို စတင်တည်ဆောက်နိုင်မလဲ။

အားနည်းချက် ကွင်းဆက် (vulnerability loop) လို့ ခေါ်တဲ့ သဘောတရားတစ်ခု ရှိပါတယ်။ အခြေခံအယူအဆကတော့ တစ်စုံတစ်ယောက်ရှေ့မှာ သင်ကိုယ်တိုင် အရှိအတိုင်း ပွင့်လင်းပြသလိုက်တဲ့အခါ၊ သူတို့အတွက် လဲ့ သင့်ရှေ့မှာ အရှိအတိုင်း ပွင့်လင်းပြသဖို့ ပိုပြီး လွယ်ကူစေတယ်ဆိုတာပါပဲ။

ကျွန်ုပ်တို့က ပွင့်လင်းစွာ မပြောခင် တစ်စုံတစ်ယောက်ကို အရင်ယုံကြည်ရမယ်လို့ အများအားဖြင့် ထင်ကြပါတယ်။ ဒါပေမဲ့ ဒီသုတေသနက ဖော်ပြတာကတော့ ကျွန်ုပ်တို့ ပွင့်လင်းပြသပြီး လူတွေက စာနာစိတ်နဲ့ တုံ့ပြန်ပြီးနောက်မှာမှ ယုံကြည်မှုဟာ ဖြစ်လာလေ့ရှိတယ် ဆိုတာပါပဲ။

ဒီသီတင်းပတ်မှာ သင့်ကလေးက ကျောင်းအသစ်စတက်လို့ စိတ်မအီမသာ ဖြစ်နေတာ၊ ဒါမှမဟုတ် သင့်ရဲ့ ပရောဂျက်ကြီးရဲ့ အခြေအနေကို တကယ်ပဲ စိုးရိမ်နေရတာကို မျှဝေဖို့ ကြိုးစားကြည့်ခြင်း သင့်နဲ့ သင့်အဖွဲ့တွေကို ပိုမိုထိရောက်စေမယ့် ယုံကြည်မှုခံစားချက်ကို တည်ဆောက်ဖို့အတွက် တကယ်ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။


အဖွဲ့ဝင်တစ်ဦး ဖြစ်ပါစေ

ကောင်းပါပြီ၊ ဒုတိယအကြံဉာဏ်၊ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါစေ

အံ့သြစရာကောင်းတာက ကျွန်ုပ်တို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေဟာ ကျွန်ုပ်တို့ကို အချက်အလက်အသစ်တွေ ရရှိစေဖို့အတွက် အကောင်းဆုံးသူတွေ မဟုတ်ပါဘူး။ အချက်အလက်အသစ်ပေးနိုင်သူတွေက တစ်ကြိမ်တစ်ခါဆုံမိကြတဲ့ အသိမိတ်ဆွေများ (acquaintances) ဖြစ်နေတတ်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျွန်ုပ်တို့ကို ကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းများနဲ့၊ ရလဒ်အနေနဲ့ အတွေးအခေါ်အသစ်များနဲ့ ချိတ်ဆက်ပေးလို့ပါပဲ။

လူမှုရေးသိပ္ပံပညာရှင်တွေက ဒီဆက်ဆံရေးတွေကို အားနည်းတဲ့ ချိတ်ဆက်မှု (weak ties) လို့ ခေါ်ပြီး၊ ဆန်းသစ်တီထွင်မှုနဲ့ ပတ်သက်လာရင် သူတို့ဟာ ကျွန်ုပ်တို့ရဲ့ အခိုင်မာဆုံး ဆက်သွယ်မှုတွေထက် ပိုအရေးကြီးပါတယ်။

ဥပမာအားဖြင့်၊ လေ့လာမှုတစ်ခုမှာ၊ ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုအတွင်းက ကွဲပြားတဲ့ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးတဲ့ အားနည်းတဲ့ ချိတ်ဆက်မှုများစွာ ရှိသူတွေဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ ရမှတ်တွေ ရရှိနိုင်ခြေ ပိုများတာ၊ ရာထူးတိုးမြှင့်ခံရနိုင်ခြေ ပိုများတာ၊ ပြီးတော့ ဖန်တီးမှုဆိုင်ရာ တိုးတက်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ပြောဖို့တောင် ပိုများတာကို ကျွန်တော် တွေ့ရှိခဲ့ပါတယ်။

အားနည်းတဲ့ ချိတ်ဆက်မှုတွေကို ဖော်ဆောင်ဖို့အတွက် ကျွန်တော်တွေ့ဖူးသမျှ အကောင်းဆုံးနည်းလမ်းကတော့ သင့်နေ့စဉ်အလုပ်ပြင်ပက အဖွဲ့အစည်းတွေမှာ ပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ပရဟိတအဖွဲ့အစည်းများ၊ အားကစားကလပ်များ သို့မဟုတ် ဝန်ထမ်းအရင်းအမြစ်အဖွဲ့များ (Employee Resource Groups) လိုမျိုး အရာတွေဟာ ကောင်းမွန်တဲ့ ဥပမာတွေပဲ ဖြစ်ပါတယ်။

ဘယ်သူသိနိုင်မလဲ။ သင် ပစ်ကယ်ဘော (pickleball) ကစားရင်း တွေ့ဆုံခဲ့တဲ့ ဥပဒေဌာနက Tobin မှာ သင့်ရဲ့ နောက်ထပ် ပရောဂျက်မှာ တကယ်ကို အကူအညီဖြစ်စေမယ့် ကောင်းမွန်တဲ့ စိတ်ကူး ရှိနေနိုင်ပါတယ်။ ခေါင်းဆောင်တွေအတွက်တော့ ဆန်းသစ်တီထွင်မှုကို လှုံ့ဆော်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ထားတဲ့ မဟာဗျူဟာ ထိပ်သီးအစည်းအဝေးထက်၊ ပုံမှန် ဉာဏ်စမ်းကစားတဲ့ အဖွဲ့ ရှိတာက ပိုထိရောက်နိုင်ပါတယ်။


ပိုမိုလွယ်ကူအောင် ဖန်တီးပါ

ကဲ၊ ဒီနောက်ဆုံးအကြံဉာဏ်ကတော့ မန်နေဂျာတွေအတွက် အထူးအထောက်အကူဖြစ်ပါတယ်။ အကြံဉာဏ်သုံး: လူတွေအတွက် တစ်ခုခုကို ပိုင်ဆိုင်ပါဝင်ဖို့ ပိုပြီး လွယ်ကူအောင် လုပ်ပေးပါ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကုမ္ပဏီကြီးတစ်ခုရဲ့ ဝန်ထမ်းအသစ်ခန့်အပ်မှု လုပ်ငန်းစဉ် (onboarding process) ကို ပြန်လည်ဒီဇိုင်းဆွဲရာမှာ ကျွန်တော် ကူညီခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အလုပ်စဝင်တဲ့ရက်သတ္တပတ်ဟာ အချက်အလက်တွေ ပြည့်စုံပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ချိတ်ဆက်မှုတွေ ဖန်တီးပေးဖို့အတွက် အများကြီး လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော် စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။

ရက်သတ္တပတ်တိုင်းမှာ၊ ကျွန်တော်ဟာ ဝန်ထမ်းအသစ်တွေကို အုပ်စုငါးခုထဲက တစ်ခုခုမှာ ခွဲပေးလိုက်ပါတယ်၊ အုပ်စုတစ်ခုစီမှာ မတူညီတဲ့ အရောင်ရှိတဲ့ တီရှပ်များကို ပေးလိုက်ပါတယ်၊ ပြီးတော့ အံ့သြစရာကောင်းတဲ့ အရာတစ်ခု စတင်ဖြစ်ပေါ်လာပါတယ်

ချက်ချင်းနီးပါးပဲ၊ အဝါရောင် တီရှပ်ဝတ်ထားသူတွေဟာ မနက်စာကို အတူတူ စားကြပါတယ်။ အစိမ်းရောင် တီရှပ်ဝတ်ထားသူတွေဟာ ကဏ္ဍအသီးသီးကြားမှာ အတူတူ လမ်းလျှောက်ကြပါတယ်။ ပြီးတော့ ရက်သတ္တပတ်ရဲ့အဆုံးမှာ လူတွေဟာ သူတို့ မလုပ်ဖူးလောက်အောင် အချိန်ပိုပြီး အတူတကွ နေထိုင်ကြတဲ့အတွက် ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာ အချိန်ဘတ်ဂျက်ကို ကျော်လွန်သွားခဲ့ပါတယ်။

အကောင်းဆုံးအပိုင်းကတော့ အဲ့ဒီ အလုပ်စဝင်တဲ့ရက်သတ္တပတ်အပြီးမှာ အဲဒီလူအများစုဟာ နှစ်ပေါင်းများစွာ ထိတိုင်အောင် ဆက်သွယ်မှုတွေ ဆက်ရှိနေခဲ့ကြပါတယ်၊ ဒါဟာ အဖွဲ့အစည်းတစ်ခုလုံးမှာ အားနည်းတဲ့ ချိတ်ဆက်မှုတွေရဲ့ ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

တီရှပ်စမ်းသပ်မှုဟာ ဒီလောက်ထိ အလုပ်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူတို့ ပိုင်ဆိုင်တဲ့အဖွဲ့ကို ခွဲခြားသိမြင်ဖို့ လွယ်ကူတဲ့ နည်းလမ်းကို လူတွေကို ပေးလိုက်လို့ပါပဲ။ ဒီနေရာမှာ သင် ဖန်တီးနိုင်ပါတယ်။ အမှတ်တရပစ္စည်း (swag)တီရှပ်များနဲ့ ပရောဂျက်ရဲ့ လျှို့ဝှက်ကုဒ်အမည်များ (project code names) လိုမျိုး အရာတွေကတောင် ပိုင်ဆိုင်မှုခံစားချက် (sense of belonging) ကို ဖန်တီးဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ကြည့်ပါဦး။ လူတွေဟာ လက်ရှိအချိန်မှာ တကယ်ကို အထီးကျန်ပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ခံစားရပါတယ်။ ဒါက မဆန်းပါဘူး၊ ကျွန်ုပ်တို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို ဖြတ်သန်းခဲ့ရတာပဲလေ။

ပြန်လည်ချိတ်ဆက်ခြင်းရဲ့ အကောင်းဆုံးအပိုင်းကတော့ သင့်အတွက်ပဲ အကျိုးမရှိဘဲ၊ သင်ဖန်တီးရာမှာ ကူညီပေးတဲ့ အသိုက်အဝန်းတစ်ခုလုံးအတွက် အကျိုးရှိစေခြင်းပဲ ဖြစ်ပါတယ်။

أحدث أقدم