အဘယ်ကြောင့် မှိုကို စိုက်ကြပါသနည်း။
မြန်မာပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်ခန့်မှ စတင်၍ စားသုံးမှိုကို တွင်ကျယ်စွာ စိုက်ပျိုးခဲ့ ကြပါသည်။ လတ်တလောစားသုံးရန်အပြင် မှိုခြောက်၊ စည်သွတ်ဗူးစသည်ဖြင့် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ် ရောင်းချခဲ့ကြပါသည်။ မှိုသည်လူမျိုး၊ ဘာသာမရွေးစားသုံးနိုင်သော သီးနှံတစ်ခုဖြစ်ပြီး အခြားဟင်းသီးဟင်း ရွက်များ၊ သီးနှံပင်များစိုက်ပျိုးသကဲ့သို့ အချိန်မကြာဘဲ အချိန်တို၂ ပတ် မှ ၃ ပတ်အတွင်းမှာပင် ဝင်ငွေရရှိနိုင် ပါသည်။ #LGTmyanmar, #BBKmyanmar
စားသုံးမှိုအမျိုးအစားအချို့ကို ဖော်ပြရသော် ၁ နှစ်လျှင် တစ်ကြိမ်သာပေါ်သော သဘာဝမှိုများ၊ ကောက်ရိုးမှိုများရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရသော ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ငွေမိုးမှို စသည် ဖြင့်လည်း ရှိကြပါသည်။ သဘာဝအလျောက်ရရှိသော မှိုများတွင် စားသုံးသူများအတွက် အဆိပ်အတောက် ဖြစ်စေနိုင်သော မှိုအမျိုးအစားများပါရှိတတ်သော်လည်း စိုက်ပျိုးသောမှိုများအားလုံးမှာမူ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ပါသည်။ ယခုအခါ ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်ယာသီးနှံများကို ရေရာသေချာ မှုမရှိပဲ စိုက်ပျိုးထုတ်လုပ်နေရသော အခြေအနေတွင် အချိန်ကာလတိုအတွင်း လုပ်ကိုင်ဆောင်ရွက်ရလွယ်ကူ သော မှိုစိုက်ပျိုးရေးကို ကျေးလက်တောရွာအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်သင့်ပါသည်။
မှိုကို မည်သို့ စိုက်ကြမည်နည်း။
မှိုစိုက်ပျိုးခြင်း၏ သဘောသဘာဝ
- မှိုကို ဆောင်းရာသီ၊ နွေရာသီ (၂) မျိုးလုံးတွင် စိုက်ပျိုးနိုင်ပါသည်။
- မှိုကို စနစ်တကျ ဆောင်ရွက်လျှင် မြေမရွေး၊ ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပါသည်။ ငွေနှင်းမှိုအား မှိုစိုက်တဲ (သို့မဟုတ်) အအေးခန်းတွင် စိုက်ပျိုးနိုင်ပါသည်။ အရိပ်အောက်တွင် ရှိရပါသည်။
- မှိုသည် တာရှည်အထားမခံခြင်းကြောင့် ထွက်လာသမျှအား မြန်မြန်စားသုံးရောင်းချရန်လို အပ်ပါသည်။ ဈေးကွက်သို့ အချိန်မီတင်ပို့ရန် လိုအပ်ပါသည်။
- စက်မှုအခြေခံသော မှိုခြောက်ထုတ်လုပ်ခြင်း၊ စည်သွပ်ဗူးထုတ်လုပ်ခြင်း စသည်တို့ကို အစု အဖွဲ့အနေဖြင့် ဖွဲ့စည်းကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါသည်။
မှိုစိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များ
(၁) ကုန်ကြမ်းပစ္စည်းများ(၂) မှိုမွေးမည့်နေရာ၊ မှိုစိုက်တဲ
(၃) ရေရရှိမှု
(၄) မှိုမျိုးထုပ်
(၁) ကုန်ကြမ်းပစ္စည်းများ
- သီးနှံများ ရိတ်သိမ်းအပြီး အကြွင်းအကျန်များ၊(ကောက်ရိုး)၊ သစ်တောပင်များ၏ ဘေး ထွက်ပစ္စည်းများ (သစ်တုံးများ၊ လွှစာမှုန့်များ)၊ စက်ရုံထွက်ပစ္စည်းများ(စက္ကူ၊ ကတ်ပြား၊ ချည်မျှင်များ) ကို အသုံးပြုနိုင်ပါ သည်။
- ကောက်ရိုးကို ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အဓိကသုံးသည်။
- ကုန်ကြမ်းပစ္စည်းများ အားလုံးသည် ကောင်းစွာ ခြောက်သွေ့ရမည်။
- အခြားအမှိုက်သရိုက်များနှင့် ရောနှောမနေစေရပါ။
- အိမ်မွေးတိရစ္ဆာန်များ ဖျက်ဆီးမှုမှ ကင်းဝေးစေရမည်။ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရမည်။
(၂) မှိုမွေးမည့် နေရာ၊ မှိုစိုက်တဲ
- မြေပြန့်ဖြစ်သင့်သည်။ ထို့ပြင် ရေရရှိမှု လွယ်ကူရမည်။
- လောင်စာဆီများ၊ ဓာတုဗေဓပစ္စည်းများ သိုလှောင်ထားသော နေရာများနှင့် ဝေးကွာရ မည်။ အနံ့အသက်များ ကူးစက်နိုင်သောကြောင့် ဖြစ်ပါသည်။
- ခြများ၊ပုရွက် ဆိတ်များ လာရောက်နိုင်သော နေရာ မဖြစ်စေရ။ မှိုပွင့်များဖျက်ဆီးခံရ တတ်ပါသည်။
- အိမ်မွေးတိရစ္ဆာန်များ မွေးမြူထားသောနေရာနှင့် ဝေးကွာရမည်။ ဝင်ရောက်ဖျက်ဆီးမှု မရှိစေပါ။
- တစ်နေရာတည်းတွင် မှိုမွေးခြင်းကိုဆက်တိုက်မလုပ်သင့်ပါ။ ပထမအကြိမ်စိုက်စဉ် မှိုရောဂါများ ကျရောက်ခဲ့ပါက နောက်ထပ်စိုက်သော စိုက်ခင်းသို့ ကူးစက်တတ်သည်။
- မှိုစိုက်တဲကို မိမိလုပ်ကိုင်မည့် ပမာဏအရ တည်ဆောက်နိုင်သည်။ ဒေသထွက် ဓနိမိုး၊ ဓနိကာ၊ ဝါးထရံကာများ အသုံး ပြုနိုင်သည်။
- နံရံနှင့် အမိုးအကြား ၁ ပေခွာထား၍၊ ပလတ်စတစ်ဖြင့် ကာထားပေးပါ။ ယင်းပလတ်စတစ် ကို လိုအပ်သလို ဖွင့်/ပိတ်နိုင်ရန် စီစဉ်ပါ။ အခန်းအတွင်း အပူချိန်ထိန်းပြီး လေဝင်လေ ထွက် ကောင်းစေပါသည်။
- တဲထိပ်နှစ်ဖက်ရှိ မြင့်မိုရ်ပိတ်များတွင်လည်း (၁.၅ ပေ X ၁ ပေ) အပေါက်တစ်ပေါက်စီ ဖောက်ထား၍ ပလတ်စတစ်ဖြင့် ဖွင့်/ပိတ်နိုင်အောင် စီစဉ်ထားပါ။ (အခန်းအပူချိန်၊ စို ထိုင်းဆနှင့် လေဝင်လေထွက်များကို ထိန်းပေးသည်)
- တဲအတွင်း အခင်းကို သဲကြမ်းခင်း၍ ရေဖျန်းပေးရသည်။ (စိုထိုင်းဆကို ထိန်းသည်၊ သန့်ရှင်းမှု ဖြစ်စေသည်။)
- တဲအတွင်းသို့ အဝင်အထွက်လုပ်ရလွယ်ကူစေရန်အဝင်အထွက် တံခါးတစ်ခုထက်မက ရှိသင်ပါသည်။၂ခုရှိပါက ပိုသင့်တော်ပါမည်။
(၃) ရေရရှိမှု
- သီးနှံစိုက်ပျိုးရေးတွင် အသုံးပြုသော ရေများအား သုံးနိုင်သည်။ ဖြစ်နိုင်ပါက ရေ၏ စံနှုန်းသည် ၄ မှ ၇.၅ ကြားတွင် ရှိသင့်သည်။ အကောင်းဆုံး စံနှုန်း မှာ ၅.၅ မှ ၆ ဖြစ်သည်။ အခြားဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် သုံးရသကဲ့သို့ ရေသုံးစွဲခြင်းပြုရန် မလိုအပ်ပါ။
(၄) မှိုမျိုးထုပ်
- မျိုးကောင်းမျိုးသန့်များအား ရွေးချယ်စိုက်ပါ။
- မှိုထုပ်အတွင်းရှိ မှိုမျှင်များ၏ အရောင်သည် အိမ်သုံးသကြားအရောင်ကဲ့သို့ ဖြူဖွေးနေရမည်။
(၅) ဖြည့်စွက်အစာများ
- သီးနှံအစေ့အဆန်များအား နယ်ရှေ့အပြီး ထွက်လာသော ဘေးထွက်ပစ္စည်းများ၊ သီးနှံ ပင်အကြွင်းအကျန်များ၊ ဥပမာ - နေကြာစေ့ခွံ၊ မြေပဲတောင့်ခွံ၊ ဖွဲနု၊ ပဲရိုးခြောက်များ စသည်တို့ကို မှိုထုပ်အတွင်း ထည့်ပေးနိုင်သည်။
- အိမ်မွေးတိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများ၊ ဥပမာ - နွားချေး၊ ကြက်ချေးစသည်တို့ကို လည်း အသုံးပြုနိုင် သည်။
- အသုံးပြုသော ဖြည့်စွက်အစာများသည် ကောင်းစွာခြောက်သွေ့ရမည်။ စိုနေပါက မှို ရောဂါများ ဝင်ရောက် ဖျက်ဆီးတတ်သည်။
စိုက်ပျိုးနည်းပညာ
- မှိုစိုက်တဲအတွင်း သင့်လျော်သော စိုထိုင်းဆသည် ၈၀% မှ ၈၅ % ၊ အပူချိန်သည် ၂၀ စင်တီ ဂရိတ် မှ ၃၀ စင်တီဂရိတ် ဖြစ်ပါသည်။ ၃၀ စင်တီဂရိတ်ထက်ကျော်ပါက မကြာခဏရေမှု ရေမွှားဖျန်းပေးရန် လိုအပ် သည်။ လေဝင်၊ လေထွက်လည်း ဖန်တီးပေးရသည်။
- မှိုစိုက်တဲအတွင်းတွင် ဝါးဖြင့် စင်များ ထိုးပေးရသည်။ စင်တွင် အဆင့် (၃) ဆင့်ပါရှိ၍ တစ်ဆင့်နှင့် တစ်ဆင့် (၁.၅) ပေ အကွာတားရသည်။ အောက်ဆုံးအဆင့်သည် မြေပြင်မှ (၆) လက်မ အကွာတွင် ရှိရသည်။ အခင်း များကို ဝါးခြွမ်းများခင်းပေးရသည်။စင်များအပေါ်တင် မှိုမျိုးထုပ်များ တင်ပေးရသည်။
- စင်များအစား ထင်းရှူးပုံးခွံများကိုလည်း အသုံးပြုနိုင်သည့် အပြင်ချိတ်ဖြင့်ချိတ်၍လည်း စိုက်ပျိုးနိုင်သည်။
- မှိုမျိုးထုပ်ကို ထိပ်ဖွင့်စိုက်ပျိုးပါ။
- တစ်နေ့လျှင် ရေ၂ ကြိမ်ဖျန်းပေးပါ။.လိုအပ်ပါက တိုးဖျန်းပါ။
- အများအားဖြင့် ဓာတုဆေးများ၊ မြေဩဇာများအား အသုံးပြုရန်မလိုပါ။
- အပင်ငယ်ရွယ်စဉ်အာဟာရဖျော်ရည်အဖြစ် သကြားရည် လောင်းပေးနိုင်သည်။ (သကြား
- ရည်ကို သကြား ၃ ကျပ်သားနှင့် ရေ ၁ ဂါလံရောစပ်ဖျော်နိုင်သည်။) သကြားဖျော်ရည်ဖျန်း လျှင် ပုရွက်ဆိတ်များမလာစေရန် ဂရုစိုက်ပါ။
- အပင်များကြီးလာပါက သန့်ရှင်းသောရေသာ ဖျန်းပေးရသည်။ ရွှဲအောင်မလောင်းရ။
မှိုကို မည်သို့ ခူးမည်နည်း
- စိုက်ပျိုးပြီး ၅ မှ ၇ ရက်အကြာတွင် မှိုငုံများစတင်ထွက်လာသည်။ဤအချိန်တွင်လည်း ရေ သာဖျန်းပေးပါ။ မှိုငုံစတင်ထွက်လာပြီး ၃ မှ ၄ ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ မှိုပွင့်များခူးပါက လက်ဖြင့်အသာအယာ ဆွဲနှုတ်ယူပါ။ ဓားဖြင့်ဖြတ်ခြင်း၊ ဆိတ်ဖဲ့ခြင်းများ ရှောင်ပါ။ ဆွဲနှုတ် အပြီးတွင် ကပ်ပါလာသော လွှစာများကို ဓားဖြင့်ရှင်းလင်းပေးပါ။
- စုစုပေါင်း ၂ မှ ၃ ကြိမ်ခန့် မှိုခူးရတတ်သည်။
- မှိုထွက်ရှိမှုသည် ပြုစုထိန်းသိမ်းမှု၊ မှိုမျိုးထုပ်တွင် ပါဝင်သည့် ဖြည့်စွက်စာအမျိုးအစားနှင့် သင့်လျော်သော အပူချိန်၊ စိုထိုင်းဆတို့အပေါ်မူတည်သည်။
- ပထမအကြိမ် ဆွတ်ခူးရာတွင် မှိုမျိုး ၁ ထုပ်၏ အလေးချိန် မှ ၁/၃ မှ ၁/၂ ခန့်ထိရရှိနိုင်သည်။ မှိုခူးပြီးတိုင်း မှိုမျှင်ပြန်ပြည့်ဖြိုးပြီး မှိုဖူးဖြစ်ပေါ်စေရန် မှိုခူးထားသောနေရာကို၂ မှ ၃ ရက်ခန့် ရေဖြင့် တိုက်ရိုက်မထိစေရ။ရေထိက ရေစိုနာဖြစ်ကာ မှိုမျိုးထုပ်များ ပုပ်သွားတတ်ပြီး၊ မှိုပွင့် မလာခြင်းများဖြစ်တတ်ပါသည်။
- မှိုစိုက်နည်းဗီဒီယိုအား လေ့လာကြည့်ရှု နိုင်ပါသည်။
https://youtu.be/wCXLEKPUORO
မှိုစိုက်ပျိုးရာတွင် တွေ့ရတတ်သော စိန်ခေါ်မှုများနှင့် ကျော်လွှားနည်းများ
တွေ့ရတတ်သော စိန်ခေါ်မှုများအား ဖြေရှင်းနည်းများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
(၁) ပိုးမွှား/ရောဂါကျရောက်ခြင်း
- ပိုးမွှားရောဂါကျရောက်ခြင်း၏ အဓိကအချက်မှာ မှိုထုပ်များကို သက်တမ်းကြာရှည်စွာ ထားပြီး မှ စိုက်ပျိုးခဲ့သောကြောင့် ဖြစ်သည်။
- မှိုမျိုးထုပ်များကို သတိထားရွေးချယ်ပါ။ မှိုမျိုးထုပ်တွင် ဝါစေ့ပါဝင်ပြီး အစိုဓာတ်များနေပါက အထုပ်ထဲတွင် လောက်ကောင်ငယ်လေးများ ပေါက်ဖွားလာကာ မှိုမျှင်များကို စားသောက်ဖျက်ဆီး ပြီး၊ မှိုပွင့်ထွက်မလာတတ်သည်ထိ ဖြစ်တတ်သည်။
(၂) မွှားများဖျက်ဆီးခြင်း
- မှိုစိုက်ပျိုးရေးတွင် မွှားသည် ဒုက္ခအပေးဆုံးဖြစ်သည်။
- မွှားများကျရောက်ပါက မှိုစိုက်တဲအတွင်း မှိုစိုက်ပျိုးခြင်း ၁ ပတ်ခန့်ရပ်နား၍ သဲနံရံများ၊ ကြမ်းခင်း များ၊ အမိုးနံရံများကို ပိုးသတ်ဆေးဖျန်းခြင်း၊ ထုံးသုတ်ခြင်း၊ ဖြူးခြင်းများ ပြုလုပ်ကာ အခြောက်ခံ ထားရမည်။
- လေဝင်လေထွက် ပြုလုပ်ပေးပါ။
- အလင်းရောင်ဝင်ရန် ပြုလုပ်ပေးပါ။
(၃) ကြွက်များ ဖျက်ဆီးခြင်း
- မှိုမျိုးထုပ်တွင် ပါဝင်သော ဖွဲနုနှင့်၊ ဖြည့်စွက်စာများတွင် ပါဝင်သော သီးနှံစေ့များသည် ကြွက်များ ကို ဆွဲဆောင်ရာ ရောက်ပြီး ဖျက်ဆီးခံရနိုင်သည်။
- မည်သည့်အခါမျှ ကြွက်သတ်ဆေး မသုံးရပါ။
- ကြွက်ဖမ်းထောင်ခြောက်အသုံးပြု၍ ဖမ်းယူပါ။
(၄) ခြများ၊ ပုရွက်ဆိတ်များ ဖျက်ဆီးခြင်း
- မှိုစိုက်တဲ၏ပတ်ဝန်းကျင်တွင် သန့်ရှင်းမှုမရှိပါက ကျတတ်သည်။
- ဓာတုဆေးများ မသုံးရ။
- မှိုစိုက်တဲ၏ ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းရန်ဆောင်ရွက်ပါ။ တဲ၏ ကြမ်းခင်းအား စွတ်စိုအောင် ထားပါ။
(၅) မှိုပွင့်ညှိုးခြင်း
- ပိုးမွှားရောဂါများ ကျရောက်ပါက ဖြစ်တတ်သည်။
- ရေပေးမများစေရပါ။
(၆) မှိုအထွက်နှုန်း လျော့နည်းခြင်း
- မှိုမျိုးထုပ်မကောင်းက ဖြစ်တတ်သည်။
- အခြားဖျက်ဆီးမှိုများကြောင့်လည်း ဖြစ်တတ်သည်။
- မျိုးကောင်း၊ မျိုးသန့် မှိုထုပ်ကို ရွေးချယ်စိုက်ပျိုးပါ။
__________________________________
ရည်ညွှန်းစာများ
- မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း #မှိုစိုက်ပျိုးနည်း ပညာပေးစာစောင်
- အောင်ဆန်း (စိုက်ပျိုးရေး)၊ စိုက်ပျိုးရေးရာ အကြံပြုချက်များ (၂)၊ မြန်မာတောင်သူကြီးများဂျာနယ် ၂၀၁၈
- နန်းထက်ထက်ချစ်၊ ငွေနှင်းမှိုစိုက်ပျိုးရေးနှင့် ဈေးကွက်အခြေအနေ၊ ဒို့ကျေးရွာဂျာနယ်၊ အတွဲ ၁၉၊ အမှတ် ၂၀၊ ၂၀၂၂ ခုနှစ်မေလ ၁၅ ရက်
- ငွေနှင်းမှိုစိုက်ပျိုးနည်း၊ Ayethandasoe, Greenovator, Greenway, internet