အခမဲ့ဆော့ဖ်ဝဲလ်တွေက ဘယ်လိုနည်းနဲ့ ပိုက်ဆံရှာသလဲ?

 


ဒီလို အခမဲ့ ဒါမှမဟုတ် Open-source ဆော့ဖ်ဝဲလ်တွေက ဘယ်လိုနည်းနဲ့ ပိုက်ဆံရှာသလဲဆိုတာ သင်တွေးဖူးသလား? လူသန်းပေါင်းများစွာက ဒီဆော့ဖ်ဝဲလ်တွေကို သုံးနေကြပေမဲ့ ကုမ္ပဏီတွေက ဘာလို့ အလကား ပေးသုံးနေကြတာလဲ။ မေးစရာရှိတာက သင်ဟာ ဘာမှပြန်မပေးဘဲ သုံးနေရတာလား၊ ဒါမှမဟုတ် ပိုတန်ဖိုးရှိတဲ့ တစ်ခုခုနဲ့ လဲလှယ်နေရတာလား? တကယ်တမ်း ဒီကုမ္ပဏီတွေက ဒါနဲ့ပဲ ဘယ်လိုနည်းနဲ့ ဒေါ်လာသန်းပေါင်းများစွာ ရှာနေကြတာလဲ? ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်ရင်တော့ ဒီဗီဒီယိုကို ဆုံးအောင်ကြည့်လိုက်ပါ။ အခမဲ့ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေရဲ့ စီးပွားရေးပုံစံ (Business Model) အကြောင်းကို ကျွန်တော် ပြောပြသွားမှာပါ။ သူတို့ ဘယ်လို ပိုက်ဆံရှာတယ်ဆိုတာကို သိသွားရင် သင့်အမြင်တွေ ပြောင်းလဲသွားပါလိမ့်မယ်။ #LGTmyanmar , #BBKmyanmar

ဆော့ဖ်ဝဲလ်လောကမှာ "Free" ဆိုတဲ့ အဓိပ္ပာယ်

ပိုက်ဆံအကြောင်း မပြောခင်မှာ နားလည်မှုလွဲနေတဲ့ အချက်တစ်ခုကို ရှင်းဖို့လိုပါတယ်။ ဆော့ဖ်ဝဲလ်တစ်ခုက "Free" ဖြစ်တယ်ဆိုတိုင်း အဓိပ္ပာယ်က အတူတူပဲမဟုတ်ပါဘူး။ နည်းပညာလောကမှာ "Free" ကို အဓိပ္ပာယ် နှစ်မျိုးဖွင့်ပါတယ်။

၁။ Free as in beer (ဘီယာ အလကားတိုက်သလိုမျိုး): ဒါကတော့ သုံးစွဲခ ပေးစရာမလိုတာပေမယ့် ပြင်ဆင်ခွင့်မရှိတာကို ဆိုလိုတာပါ။ Download ဆွဲ၊ Install လုပ်ပြီး တန်းသုံးရုံပါပဲ။ Credit card မလိုပါဘူး။ ဥပမာ- Zoom, Spotify နဲ့ VS Code တို့ပေါ့။

၂။ Free as in speech (လွတ်လပ်စွာ ပြောဆိုခွင့်လိုမျိုး): ဒါက ဈေးနှုန်းထက် "လွတ်လပ်ခွင့်" ကို ဆိုလိုတာပါ။ ဆော့ဖ်ဝဲလ်ရဲ့ ကုဒ်တွေ (Source code) ကို ကြည့်ခွင့်၊ ပြင်ဆင်ခွင့်နဲ့ အဲဒီအပေါ်မှာ ထပ်ဆင့် တည်ဆောက်ခွင့်တွေ ရှိပါတယ်။ အကောင်းဆုံးဥပမာကတော့ Linux ပါ။ Linux က Open-source စနစ်ဖြစ်ပြီး လုံးဝကို "Free as in speech" ဖြစ်ပါတယ်။

ဒီဗီဒီယိုမှာတော့ နားလည်လွယ်အောင် ပထမအမျိုးအစားကို "Free Software" လို့ ခေါ်ပြီး၊ ဒုတိယအမျိုးအစားကို "Open-source Software" လို့ ခေါ်ပါမယ်။


သူတို့ ဘယ်လို ပိုက်ဆံရှာသလဲ (နည်းလမ်း ၅ ခု)

နည်းလမ်း (၁) - အချက်အလက်မှတစ်ဆင့် ငွေရှာခြင်း (Data Monetization) ဒါကတော့ နည်းနည်း မရိုးသားတဲ့ နည်းလမ်းပါ။ Open-source တွေမှာ သိပ်မရှိပေမဲ့ ကုမ္ပဏီကိုယ်တိုင် Host လုပ်ထားတဲ့ အခမဲ့ဆော့ဖ်ဝဲလ်တွေမှာ တွေ့ရတတ်ပါတယ်။ ဆော့ဖ်ဝဲလ်အချို့က သင်ဘာတွေလုပ်တယ်၊ ဘာတွေကို နှိပ်တယ်၊ ဘာတွေရှာဖွေတယ်ဆိုတဲ့ အလေ့အထတွေကို လိုက်မှတ်ထားပါတယ်။ Social Media တွေ၊ အခမဲ့ AI Chatbots တွေက ဒီအချက်အလက်တွေကို သုံးပြီး သူတို့ပစ္စည်းကို ကောင်းအောင်လုပ်တာ ဒါမှမဟုတ် ကြော်ငြာရှင်တွေဆီ ပြန်ရောင်းတာမျိုး လုပ်တတ်ပါတယ်။ အတိုပြောရရင် "သင်က ပိုက်ဆံနဲ့ မပေးရင်၊ သင့်ရဲ့ Data နဲ့ ပေးနေရတာပါ"။ ဒါပေမဲ့ ဒါက တရားမဝင်တာတော့ မဟုတ်ပါဘူး၊ သင်ကိုယ်တိုင်က အသုံးမပြုခင် Terms and Conditions တွေကို သဘောတူခဲ့တာကြောင့်ပါ။

နည်းလမ်း (၂) - Open-source + အခကြေးငွေဖြင့် ကူညီပံ့ပိုးမှု (Paid Support) ဒီနည်းလမ်းကတော့ ကျွန်တော် အကြိုက်ဆုံးပါ။ Open-source ဆော့ဖ်ဝဲလ်တွေက အလကားရပေမဲ့ အဲဒီဆော့ဖ်ဝဲလ်ကို အခြေခံပြီး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ဥပမာ- Red Hat ကုမ္ပဏီဟာ အလကားရတဲ့ Linux ကို အဆင့်မြှင့်တင်ပြီး Customer တွေကို ရောင်းပါတယ်။ ဆော့ဖ်ဝဲလ်က အလကားပေမဲ့ သင်က ၂၄ နာရီ ဝန်ဆောင်မှု (Expert Support) လိုချင်ရင် ဒါမှမဟုတ် လုပ်ငန်းသုံး Features တွေ လိုချင်ရင်တော့ ပိုက်ဆံပေးရပါတယ်။

နည်းလမ်း (၃) - Premium Model (သို့မဟုတ်) Credit Based ဒါကတော့ လူသိအများဆုံးပါ။ Zoom သို့မဟုတ် Spotify လိုမျိုး အခမဲ့ ဗားရှင်းပေးထားပြီး၊ ပိုကောင်းတဲ့ Features တွေ လိုချင်ရင် ပိုက်ဆံပေးရတဲ့ ပုံစံပါ။ နောက်တစ်မျိုးကတော့ Credit စနစ်ပါ။ စစချင်းမှာ သုံးဖို့ Credit အချို့ပေးထားပြီး ကုန်သွားရင် ထပ်ဝယ်ရတာမျိုးဖြစ်ပါတယ်။ (ဥပမာ- AI Tools တွေနဲ့ Cursor Code Editor လိုမျိုး)

နည်းလမ်း (၄) - ကြော်ငြာများ ပြသခြင်း (Ads) Website တွေ ဒါမှမဟုတ် Mobile App တွေ သုံးတဲ့အခါ ကြော်ငြာတွေ တက်လာတာကို မြင်ဖူးမှာပါ။ ဒီကုမ္ပဏီတွေက သူတို့ဆီမှာ ကြော်ငြာပြဖို့အတွက် တခြားကုမ္ပဏီတွေဆီက ပိုက်ဆံယူပါတယ်။ "သင်က ပိုက်ဆံမပေးရရင် သင်ကိုယ်တိုင်က ရောင်းကုန် (Product) ဖြစ်နေတာပါ"။

နည်းလမ်း (၅) - အလှူငွေနှင့် ရန်ပုံငွေ (Donations and Crowdfunding) ဒါကတော့ ဆော့ဖ်ဝဲလ်အချို့ပဲ သုံးနိုင်တဲ့ နည်းလမ်းပါ။ Wikipedia နဲ့ Blender တို့လိုမျိုး သူတို့ကို ချစ်ခင်အားပေးတဲ့ အသိုင်းအဝိုင်း (Community) ဆီက အလှူငွေနဲ့ ရပ်တည်တာပါ။ လူသန်းပေါင်းများစွာက ဝိုင်းဝန်းလှူဒါန်းတဲ့အခါ ဒါက တကယ့်ကို အလုပ်ဖြစ်ပါတယ်။


နိဂုံးချုပ်

ဆော့ဖ်ဝဲလ်တစ်ခုက အခမဲ့ဖြစ်နေလို့ သင့်မှာ ကုန်ကျစရိတ်မရှိဘူးလို့ မထင်ပါနဲ့။ သင့်ဘဏ်အကောင့်ထဲက ပိုက်ဆံမထွက်သွားပေမဲ့ သင့်ရဲ့ အချိန်၊ အာရုံစိုက်မှု နဲ့ ကိုယ်ရေးအချက်အလက် (Data) တွေနဲ့ ပေးဆပ်နေရတာပါ။ တစ်ခါတလေ အခမဲ့ဆိုတာ တကယ်တမ်း အခမဲ့မဟုတ်ဘဲ သင် သတိမထားမိတဲ့ နည်းလမ်းတွေနဲ့ ပေးနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

أحدث أقدم