'နွားသေးအသုံးပြု သဘာဝမြေသြဇာများ' အပိုင်း (၁)



မိတ်ဆွေများ အားလုံးမင်္ဂလာပါ

အိမ်တွင်းဖြစ် သဘာဝမြေသြဇာမျာ ဘာလိုဖော်စပ် ဘယ်လိုမျိုးအသုံးပြုလဲဆိုတာကို ပြောပြမှာဖြစ်ပါတယ်။ 

#LGTmyanmar , #BBKmyanmar

အိမ်တွင်းဖြစ် သဘာဝမြေသြဇာဆိုတာက ဘာလဲ  ?

ဓာတ်မြေဩဇာတွေမပေါ်သေးခင် ဘိုးဘွားတွေလက်ထက်က သဘာဝမြေဩဇာတွေဖြစ်တဲ့ နွားချေး၊ ကျွဲချေး၊ တိရစ္ဆာန်ချေး၊ သစ်ရွက်ဆွေး၊ မြေဆွေး စတာတွေပဲသုံးစွဲပြီးစိုက်ပျိုးခဲ့ကြပါတယ်။ ဓာတ်မြေဩဇာတွေပေါ်လာပြီးတဲ့နောက် အလွယ်တကူဝယ်လို့ရတဲ့ဓာတ်မြေဩဇာတွေသုံးလာလို့ သဘာဝမြေဩဇာသုံးစွဲမှုလျော့နည်းလာရပါတယ်။

.

ဓာတ်မြေဩဇာတွေ နှစ်စဉ်နှစ်တိုင်းသုံးစွဲလာကြတဲ့အခါ မြေကြီးတွေပျက်စီးလာတာကို တောင်သူတိုင်းသတိပြုမိလာကြပါတယ်။ အခုအချိန်မှာ ဓာတ်မြေဩဇာဈေးတွေကလည်း အဆမတန်ကြီးလာပြန်တော့ တောင်သူတွေ ဝယ်ယူသုံးစွဲဖို့ခက်ခဲလာကြရပါတယ်။ အဲဒါကြောင့် ဈေးသက်သာတဲ့ သဘာဝမြေဩဇာတွေ ပြန်လည်သုံးစွဲကြဖို့ အခြေအနေတွေက ဖြစ်လာပါတယ်။

.

ဓာတ်မြေသြဇာတွေ မသုံးဘဲနဲ့လည်း သီးနှံအထွက်ကောင်းအောင်စိုက်လို့ရပါတယ်

သဘာဝမြေဩဇာကောင်းကျိုးများ

၁။ မြေကြီးဖွဲ့စည်းမှု ပိုမိုကောင်းမွန်လာစေ 

၂။ မြေဆီဩဇာ ပိုမိုထက်သန်လာစေ

၃။ သီးနှံပင်များ ပိုမိုကျန်းမာကြံ့ခိုင်လာစေ

၄။ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်လာစေ 

၅။ သီးနှံပင်များ ပိုမိုဖြစ်ထွန်းလာစေ

၆။ သီးနှံပင်များ အထွက်တိုးလာစေ

.

ပထမဆုံး နွားသေးအကြောင်း ပြောပါ့မယ်  ( Cow Urine)

နွားသေး

နွားသေးကို မြေဩဇာအဖြစ်အသုံးပြု၍ ရနိုင်သည်ကို တောင်သူတိုင်းသိရှိကြသည်။ သို့ရာတွင် လက်တွေ့အသုံးပြုကြသူ အလွန်နည်းပါသည်။ အကြောင်းမှာ နွားသေးကို များများစားစားရရှိအောင် မည်ကဲ့သို့စုဆောင်းရမည်ကို မသိရှိကြ၍ဖြစ်သည်။ နွားသေးကို အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ အာဖရိကနှင့် မြန်မာလူမျိုးအချို့သည် ကျန်းမာရေးအလို့ငှာ သောက်လေ့ရှိကြပါသည်။ ဆေးကျမ်းတွေအဆိုအရ  နွားနက် ကျင်ငယ်ရည်သည် ပိုမို၍အစွမ်းထက်ပါသည်။


နွားသေးရဲ့အကျိုးအာနိသင်များ

၁ ။မြေကြီး၏မြေသားတည်ဆောက်မှု ပိုမိုကောင်းလာစေ

၂။ မြေကြီးထဲရှိတီကောင်အပါအဝင်အကျိုးပြုသက်ရှိများပိုမိုပွားများလာစေ

၃။ အနည်းလိုအာဟာရဓာတ်များ မြေကြီးအတွင်းပိုမိုတိုးပွားလာစေ 

၄။ အပင်ကြီးထွားသန်စွမ်းမှုပိုကောင်းလာစေ

၅။ အပင်ခံနိုင်ရည်ရှိမှုပိုမိုကောင်းလာစေပြီး ပိုးမွှားရောဂါကျရောက်မှု လျော့နည်းသက်သာလာစေ

၆။ ပုလဲမြေဩဇာထက် သီးနှံပင်အရွက်များ ပိုမိုစိမ်းစိုတောက်ပလာ

၇။ နွားသေး၏အကျိုးအာနိသင်ကို နောက်စိုက်တဲ့သီးနှံကပါ ဆက်လက်ရရှိခံစားရ

၈။ သုံးနှစ်ဆက်တိုက် နွားသေးကို ထိထိရောက်ရောက် စွဲစွဲမြဲမြဲသုံးစွဲခဲ့ပါက အခြားမြေဩဇာများ သုံးစွဲဖို့မလိုတော့ပါ

.

နွားသေးခံယူပုံ

အနည်းအကျဉ်းဆိုလျှင် နွားမများကျင်ငယ်စွန့်ချိန်တွင် တိုက်ရိုက်ခံယူ၍ရနိုင်သည်။ များများစားစားရယူလိုပါက နွားများကိုသမံတလင်းပေါ်တွင် ညအိပ်ထားပေးရသည်။ နွားတစ်ကောင်ထားရန်အတွက်ဆိုပါက ဆယ်ပေပတ်လည်ခန့် သမံတလင်းခင်းပေးထားနိုင်သည်။

.

ထောင့်တစ်ထောင့်ဆီသို့ နွားသေးများစီးဆင်းလာစေရန် ထိုထောင့်ကို နှိမ့်ချထားပေးရသည်။ နှိမ့်ထားသည့်ထောင့်နေရာတွင် သင့်တင့်သည့်ပိုက်တစ်လုံးကို တပ်ဆင်ထားပြီး ထိုပိုက်အောက်တွင် ကျင်းတူးထားကာ ကျင်းထဲတွင် ပုံးတစ်ပုံးကိုချထားပြီး နွားသေးကိုခံယူရသည်။

.

နွားအကောင်ရေအလိုက် သမံတလင်းကို ချဲ့ထွင်ခင်းပေးနိုင်သည်။ သမံတလင်းကို မည်သည့်အရွယ်ဖြင့်လုပ်သည်ဖြစ်စေ နွားသေးစီးကြောင်းအတွက် မြောင်းငယ်လေးတစ်ခု ဖောက်ပေးထားရသည်။ တန့်ဆည်က ဦးမျိုးဝင်း နွားသေး ဘယ်လိုခံသလဲ 

နွားသေးကို အသုံးပြုပုံ

(၁) ရေဖြင့်ရော၍ပက်ဖျန်းခြင်း

  • နွားသေးကို သူ့ချည်းပက်ဖျန်းပါက အပင်များကိုလောင်စေသည်။ ရေဆယ်ဆမှ အဆနှစ်ဆယ်ဖြင့် ရောစပ်ပြီးပက်ဖျန်းရသည်။ 
  • လေးဂါလံဆေးဖျန်းပုံးတစ်ပုံးလျှင် နွားသေး ရေသန့်ဘူး တစ်ဘူးမှ နှစ်ဘူးအထိ ရောစပ်ပက်ဖျန်းပါ။


(၂) သီးနှံစွန့်ပစ်ပစ္စည်းများနှင့်ရောစပ်ဖျော်ခြင်း

  • နွားသေး  ၄ လီတာ (ရေသန့်ဗူး ၄ ဗူး)
  • သီးနှံစွန့်ပစ်ပစ္စည်းများ  ၆၂ ကျပ်သား
  • သကြားညို  ၆၂ ကျပ်သား


သီးနှံစွန့်ပစ်ပစ္စည်းများဆိုသည်မှာ မီးဖိုချောင်ထွက် ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်ဈေးများတွင်ရရှိနိုင်သည့် မပုပ်မသိုးစွန့်ပစ်ထားသည့် ဟင်းသီးဟင်းရွက်များ၊ ဖရဲသီးအခွံ၊ ငှက်ပျောသီးအခွံ၊ ၊ နာနတ်သီးအခွံ၊ စသည့်သစ်သီးအခွံများဖြစ်ကြသည်။

.

အထက်ဖော်ပြပါ ပစ္စည်းသုံးမျိုးကို မြေအိုး၊ ပလတ်စတစ်ပုံးစသည့် ထည့်စရာ တစ်မျိုးမျိုးထဲတွင်ထည့်ပြီး သုံးပတ်မှတစ်လခန့် ကြာအောင် အချဉ်ဖောက်ထားရသည်။ ချိုမွှေးမွှေးအနံ့လေးထွက်လာသည်။ ထိုအချဉ်ဖတ်အရည်ကို ရေအဆတစ်ရာ (၄ ဂါလံတစ်ပုံး ၂၀၀စီစီ) ဖြင့် ရောစပ်၍ ပက်ဖျန်းရသည်။ ဗီတာမင်များနှင့်ဟော်မုန်းဓာတ်များ များစွာပါဝင်ပြီး သီးနှံပင်ကျန်းမာသန်စွမ်းရေးနှင့် အထွက်တိုးစေရေးကို များစွာအထောက်အကူဖြစ်စေသည်။

.

(၃) နွားသေး-နွားချေး-ထန်းလျက်ဖျော်ရည်


  • နွားသေး            ၁ လီတာ (ရေသန့်ဗူး ၁ ဗူး)
  • နွားချေး             ၆၂ ကျပ်သား
  • ထန်းလျက်/ ကြံသကာ  ၆၂ ကျပ်သား
  • ရေ ၁၀ လီတာ  (ရေသန့်ဗူး ၁၀ ဗူး)

အထက်ဖော်ပြပါ ပစ္စည်းလေးမျိုးကို မြေအိုး၊ ပလတ်စတစ်ပုံးစသည့် ထည့်စရာတစ်မျိုးမျိုးထဲတွင်ထည့်ပြီး တစ်ပတ်ခန့်ကြာအောင် အချဉ်ဖောက်ထားရသည်။

.

ထိုအချဉ်ဖောက်ထားသည့် အရည်တစ်ဆကို ရေအဆတစ်ရာ (၄ ဂါလံတစ်ပုံး၂၀၀ စီစီ) နှင့် ရော၍ ပက်ဖျန်းရသည်။ လုပ်ကိုင်ရလွယ်ကူပြီး မြန်မြန်လည်းသုံးစွဲနိုင်သည်။ သီးနှံပင်များကျန်းမာသန်စွမ်းရေးတွင် များစွာအထောက်အကူဖြစ်စေသည်။

.

နွားသေး ရေသန့်ဗူးတစ်ဗူးဖျော်ပေးလိုက်ခြင်းဖြင့် (၆ ဧက မှ ၈ ဧက) အထိ ပက်ဖျန်းနိုင်သည့်ပမာဏကိုရရှိသည်။ သီးနှံခင်းများကို တစ်ပတ်တစ်ကြိမ် ပုံမှန်ပက်ဖျန်းပေးပါက မည်သည့်ရွက်ဖျန်းဓာတ်မြေဩဇာမှ သုံးစွဲရန်မလိုတော့ပါ။ တန်ဖိုးနည်းလှသည့်ဤအရည်ကို ရေရှည်သုံးစွဲသွားခြင်းဖြင့် မိမိစိုက်ခင်းမြေကြီးများ မည်မျှကောင်းမွန်လာမည်ကိုလည်း အလွယ်တကူနားလည်နိုင်ကြပါသည်။ သုံးဖြစ်အောင်သုံးစွဲကြဖို့သာ တိုက်တွန်းလိုက်ရပါသည်။



Previous Post Next Post