သီးနှံမျိုးစုံ အခြောက်ခံ နည်းပညာ

 

အခြောက်ခံနည်းပညာ

ကျေးလက်ဒေသများတွင် တောင်သူများသည် သီးနှံများရိတ်သိမ်းအပြီး၌ နေပူလှန်းအခြောက်ခံနည်း၊ အရိပ်အောက်တွင် အခြောက်ခံနည်းများဖြင့်သာ ရိုးရာမပျက်ဆောင်ရွက်ခဲ့ကြပါသည်။ ဤသို့ဆောင်ရွက်ကြ ခြင်းမှာ ကြာရှည်စွာ ထားရှိရန်နှင့် သိုလှောင်မှုအတွက် ဖြစ်ပါသည်။ အမှန်အားဖြင့် အခြောက်ခံရာတွင်အစို ဓာတ်ပါဝင်မှုမှာ သစ်သီးဝလံများတွင် ၂၀% နှင့် ဟင်းသီးဟင်းရွက်များတွင် ၁၀% သာ အသီးသီးရှိရပါမည်။ သို့သော် ရိုးရာအခြောက်ခံခြင်း စနစ်များသည် ပြည့်စုံမှုမရှိဘဲ သန့်ရှင်းမှုလည်း မလုံလောက်ခြင်းကြောင့် အရည်အသွေး ညံ့ဖျင်းခြင်း၊ ဈေးကောင်းမရခြင်းစသော ဆုံးရှုံးမှုများခြင်းများ ဖြစ်ပေါ်စေပါသည်။  #LGTmyanmar, #BBKmyanmar
 

မည်သည့် နည်းနှင့် အခြောက်ခံသည်ဖြစ်စေ သတိပြုလုပ်ဆောင်ရမည့်အချက်များမှာ -

  • ပိုးမွှား၊ တိရစ္ဆာန်နှင့် ငှက်များ ဝင်ရောက်နှောင့်ယှက်ခြင်းမှ ကင်းဝေးရမည်။
  • သန့်ရှင်း၍ ဖုန်မှုန့်ကင်းစင်သင့်သည်။
  • သွင်ပြင်၊ အနုအကြမ်းနှင့် အာဟာရဓာတ်ပါဝင်မှု ညီညာစေသင့်သည်။
  • ကာလအသင့်အတင့် ရပ်တည်နိုင်မှုအတွက် ဘေးအန္တရာယ်ကင်းသင့်သည်။
  • ဈေးကွက်စံနှုန်းများနှင့် ကိုက်ညီရန် ထုပ်ပိုးသိုလှောင်သင့်သည်။

 

ကျေးလက်ဒေသတွင် ကိုယ်တိုင်ဆန်းသစ်လုပ်ကိုင်၍ နိုင်သော အခြောက်ခံစက် နည်းပညာ

ကျေးလက်ဒေသတွင် ဒေသတွင်းရှိပစ္စည်းကိရိယာများအား အသုံးပြု၍ လူငယ်များအနေ ဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်သော အခြောက်ခံစက်အချို့အား လေ့လာနိုင်ရန် ဆက်လက်တင်ပြပါမည်။

 

စီမံကိန်းဝင်များ၏ BAU-STR (အစေ့အဆံ) အခြောက်ခံကိရိယာ

MFT မှ ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်အသုံးပြုသော BAU-STR dryer သည် ဒေသတွင်း တပ် ဆင်ရန်သင့်လျော်သည်ဟု တွေ့ရှိရသဖြင့် Australia Volunteer Program မှ ဆရာဂရေဟမ်နှင့် တိုင်ပင်ညှိနှိုင်းကာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ဆရာဂရေဟမ်၏ အလုပ်ရုံဆွေးနွေးပွဲများ မှ ရရှိသော နည်းပညာပေါ်အခြေခံ၍ ဒေသခံလူငယ်များ လက်တွေ့စမ်းသပ်သင်ယူနိုင်စေရန် YEEAH စီမံကိန်းမှ ငွေကြေးပံ့ပိုးပေးခဲ့သည်။ လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် BAU-STR dryer ဆန် စပါးအခြောက်ခံစက်ကို မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။

  

အသွင်အပြင်

 BAU-STR Dryer အသွင်အပြင်မှာ အတွင်းဝိုင်းနှင့် အပြင်ဝိုင်းဟူ၍ အဝိုင်းနှစ်ခုပုံစံရှိသည်။ အတွင်းဝိုင်းမှာ အချင်း(၁) ပေ၊ အပြင်ဝိုင်းမှာ အချင်း (၄) ပေရှိမည် ဖြစ်သည်။ အတွင်းဝိုင်းမှာ လေပူ များ ဝင်ရောက်ရန် ဖြစ်ပြီး အတွင်းဝိုင်းသို့ ဝင်ရောက်လာသော အပူများသည် အတွင်းဝိုင်းနှင့် အပြင် ဝိုင်းကြားမှ ဆန်စပါးတို့ကို အခြောက်ခံရန် ဖြစ်သည်။ ဆန်စပါးသာမက ပြောင်းနှင့် မြေပဲကိုလည်း အခြောက်ခံနိုင်သည်။

 

BAU-STR Dryer ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများ

  • Centrifugal Blower                 ၁  ခု
  • သံဇကာ (၄ ပေ x ၈ ပေခွဲ)          ၂  ချပ်
  • သံပြား (၄ ပေ x ၈ ပေ)               ၂  ချပ်
  • (၁၄ လက်မ) နက်ခေါင်းတိုင်      ၂၂  ခု
  • ၁၂ နက်တိုင်                              ၆  လုံး
  • ၁၄ နက်တိုင်                           ၃၅  လုံး
  • ၁ လက်မခွဲကြမ်းပြား               ၁၅  ပေ
  • ၃ မတ် ကြမ်းပြား                     ၁၆ ပေ
  • ၂၂ ဂိတ်သံပြား 4 ပေပတ်လည်   ၁  ခု
  • ၁ လက်မကြမ်းပြား                    ၉ ပေ
  • ၄ လက်မသံပိုက်လုံး                ၁၀ ပေ

BAU-STR dryer ပြုလုပ်နိုင်ရန် အထက်ပါပစ္စည်းများ လုံလောက်စွာ ရှိပါက မိမိတို့ကိုယ်တိုင် အတွင်းဝိုင်း (၁) ပေ၊ အပြင်ဝိုင်း (၄) ပေရှိသော ဆန်စပါးအခြောက်ခံစက်တစ်ခုကို ကောင်းမွန်စွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ လက်ရှိစမ်းသပ်ပြုလုပ်တပ်ဆင်ထားသော BAU-STR dryer ၏ ကုန်ကြမ်းစက်ပစ္စည်းတန်ဖိုးမှာ ၇.၂ သိန်း ဖြစ်သည်။ မိမိကိုယ်တိုင်ပြုလုပ်ရန် ခက်ခဲသော သံဂဟေ ဆော်ခြင်းနှင့် သံထည်ပိုင်းဆိုင်ရာ လုပ်ဆောင်ခြင်း ကိစ္စရပ်များအား ဒေသတွင်းရှိ ဝန်ဆောင်မှုပေးသူ ထံ အပ်နှံလုပ်ကိုင်နိုင်သည်။

 

BAU-STR dryer ပြုလုပ်ပုံ

(၁) ဤလက်တွေ့လေ့ကျင့်မှုတွင် အောက်တွင် ဖော်ပြထားသော Blower အမျိုးအစားအား အသုံးပြုသည်။

  • မော်တာအား                                 1.1 KW
  • လေထွက်ပမာဏ                            2200-5600 m3/hr
  • လေဝင်ပေါက်အချင်း                        320 mm
  • လေထွက်ပေါက် (LxW)                  330 x 330 mm 

 



 

Blower ၏ ဘေးဘက်နှင့် အပေါ်ဘက်တွင် အပူဝင်ရာ အပေါက်နှင့် အပူထွက်ရာ အပေါက် ပါ ရှိပါသည်။ Blowerသည် ဤ BAU-STR ပြုလုပ်ရာတွင် အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ ဤစီမံကိန်းမှ သုံးခဲ့သော Blower အစား အခြား Blower လည်း အသုံးပြုနိုင်ပါသည်။ သို့ရာတွင် မိမိ အသုံးပြုသည့် Blower ပေါ်မူတည်၍ ကျန် BAU-STR တွင် ပါမည့် အစိတ်အပိုင်းများသည် အနည်း ငယ် ပြောင်းလဲရပေမည်။

(၂)   Blower ၏ ဘေးရှိ အပေါက်အား အပူအရင်းအမြစ် (မီးဖို) နှင့်လည်းကောင်း Blower ၏ အထက်အပေါက်အား မိမိအခြောက်ခံလိုသော စပါး၊ မြေပဲများထားရှိရာနေရာနှင့်လည်း ကောင်း ပိုက်ဖြင့် ဆက်သွယ်ရပါမည်။ ထိုအချင်း ၄ပေရှိသော သံပိုက်ဖြင့် ဆက်သွယ်ပုံအား ဆက်လက်ဖော်ပြသွားပါမည်။

 

Blower အား: သံပိုက်ဖြင့် ဆက်သွယ်ပုံ

အချင်း ၄ လက်မရှိသော သံပိုက်အား မီးဖိုနှင့် Blower ကြားတွင် ( Г ) ထောင့်ချိုးပုံသဏ္ဍာန် ပြုလုပ်၍ တပ်ဆင်ရပါမည်။ ထိုသို့ သံပိုက်ထောင့်ချိုးအား အဆင်သင့်ဝယ်ယူရန် မလွယ်ကူပါက မိမိဒေသရှိ သံဂဟေလုပ်ကိုင်သူများထံ အပ်နှံနိုင်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ( Γ ) ထောင့်ချိုး ပိုက်သည် ရှည်လွန်းပါက အပူငွေ့လျှောက်ရာ ဝေးကွာမည်ဖြစ်ရာ အပူဇကာတွင် မိမိအခြောက်ခံလို သော ကောက်ပဲသီးနှံသို့ အပူရရှိမှု အား နည်းမည်။ ဤလက်တွေ့ လေ့ကျင့်မှုတွင် အမြင့် ၁၈ လက်မ ခန့် (၁ ပေခွဲ) အလျား ၃ ပေခန့်သာ ထားရှိသည်။ မီးဖိုနှင့် ဆက်မည့် နေရာ၊ Blower ဘေးအောက်နှင့် ဆက်သွယ်မည့် နေရာများအားလုံး လေလုံစေရန် ဂရုစိုက်ရပါမည်။ ထိုသို့ လေလုံစေရန် ဂရုစိုက်ရပါ မည်။ ထိုသို့ လေလုံစေရန် သံပြားဝိုင်းများအား ပုံတွင် ပြဆိုသည့်အတိုင်း ဖုံးအုပ်တပ်ဆင်နိုင်ပါသည်။

 




Blower နှင့် သံဇကာချိတ်ဆက်ပုံ



Blower ၏ အထက်အပေါက်နှင့် မိမိအခြောက်ခံလိုသော သီးနှံများ ထားခဲ့ရာနေရာသို့ ဆက် သွယ်ရပါမည်။ သံပိုက်အား အနံ ၄ ပေ × အလျား ၄ ပေခန့် ဖြတ်တောက်၍ ၎င်း (၄) လက်မ သံပိုက် အား လေးထောင့်ဂငယ်ပုံသဏ္ဍာန် ( П ) ဖြစ်စေရန် ပိုက်ဆက်ပါ။ မိမိဒေသရှိ သံထည်လုပ်ငန်း လုပ်ကိုင်သူထံ အပ်နှံလုပ်ကိုင်နိုင်ပါသည်။ အဆိုပါသံပိုက်သည် Blower အတွက်လေထွက်ရာနေရာ နှင့်အတွင်း သံဇကာဝိုင်းရှိရာ နေရာတို့အား ဆက်သွယ်ရမည်ဖြစ်ရာ ထိုသို့ တပ်ဆင်ရာတွင် လေလုံ စေရန် အထူးသတိထားရမည်။ Blower ၏ အထက်လေထွက်ပေါက်နှင့် တပ်ဆင်ရာတွင် နက်တိုင်များ အသုံးပြုရမည်ဖြစ်ရာ ထိုနက်တိုင်များ တပ်ဆင် နိုင်ရန် ကြိုတင်တွက်ဆစီမံရပါမည်။ ဖုံးအုပ် ရာတွင် အသုံးပြုမည့် သံပြားအား နှုတ်ခမ်းသား အပိုထားရှိရပါမည်။ (ပုံ - ၁ တွင်ကြည့်ရန်) အတွင်း ဇကာနှင့် တပ်ဆင်မည့် သံပိုက်တွင်မူ နက်တိုင်သုံးရန် မလိုပေ။ လေလုံစေရန် မီးသွေးဖိုနှင့် တပ်ဆင် သကဲ့သို့ တပ်ဆင်နိုင်ပါသည်။ (ပုံ - ၂ တွင်ကြည့်ရန်)

 

(၃) သံဇကာဝိုင်းများ

       အခြောက်ခံရန် လိုသည့် စပါး၊ မြေပဲတို့ ထားရှိရန် အချင်း ၁ ပေ၊ အမြင့် ၄ ပေရှိ သံဇကာဝိုင်း၊ အချင်း ၄ ပေ၊ အမြင့် ၄ ပေရှိသံဇကာဝိုင်း (၂)ဝိုင်း ပြုလုပ်ရပါမည်။ အချင်း ၁ ပေနှင့် အချင်း ၄ ပေရှိ သော သံဇကာဝိုင်းများပြုလုပ်ရန် (၄ ပေ × ၈.၅ ပေ) ခန့် ရှိသော သံဇကာပြား(၂) ချပ်အား (၄ ပေ × ၇ ပေ} ခန့် သံဇကာပြား (၂)ချပ်၊ (၄ ပေ x ၁.၅ ပေ)ခန့် ရှိသော သံဇကာ (၂) ချပ် ရရန် ဖြတ်ပါ။ ထို့ကြောင့် (၄ ပေ × ၈.၅ ပေ) သံဇကာနှစ်ချပ်ရှိသောကြောင့် (၄ ပေ × ၇ ပေ) နှစ်ချပ်၊ (၄ ပေ x ၁.၅ ပေ) နှစ်ချပ် ရရှိပေမည်။

 

သံဇကာအပြင်ဝိုင်းအကြီးပြုလုပ်ပုံ





၄ ပေ အချင်းရှိသော သံဇကာဝိုင်းပြုလုပ်ရန် ဖြတ်ထားသော (၄ ပေ × ၇ ပေ)ခန့်ရှိ သံဇကားပြား (၂)ချပ် စီ၏ အလယ်တွင် (၁ လက်မ × ၇ ပေ) ရှိသော သံပြားချပ် (၃) ချပ်အား အလျားလိုက် အကွာအဝေး အညီအမျှထား၍ သံဇကာဖြင့် ဂဟေဆော်ပါ။ ထို့အပြင် (၁ လက်မ x ၄ ပေ)ရှည်သော သံကြမ်းပြား ကို ဒေါင်လိုက်အလယ်တွင် ထား၍ ဂဟေထပ်ဆော်ပါ။ အလယ်တွင် ၁ လက်မ သံကြမ်းပြား (၃) ချပ် နှင့် ပူးကပ်၍ ဂဟေဆော်ရခြင်းမှာ ကွေးသည့်အခါတွင် ပုံသဏ္ဍာန် မပျက်စေရန် ဖြစ် သည်။ ထို့ အပြင် ရေရှည်ခိုင်ခံစေရန်၊ တပ်ဆင်ရလွယ်ကူစေရန်၊ သိမ်းဆည်းရ လွယ်ကူစေရန် ဖြစ်သည်။ ထို ဂဟေဆော်ထားသော သံဇကာ(၂)ချပ်အား အရှင်တပ်ဆင်ထားရန် လိုအပ်ပါသည်။ အပြင်ဘက် အစွန်း (၂) စီတွင် ၁ လက်မခွဲ သံကြမ်းပြားကို မူလီနတ်တိုင် အပေါက်များ ဖောက်၍ သံဇကာဖြင့် တွဲ ဟာ ဂဟေဆော်ရန်လိုအပ်ပါသည်။ (ပုံ - ၃ တွင်ကြည့်ပါ)

 

သံဇကာအတွင်းဝိုင်းအသေးပြုလုပ်ပုံ



 

ဖြတ်ထားသော အချင်း ၄ ပေ x ၁.၅ ပေခန့် ရှိသည့် သံဇကာပြား (၂) ချပ်အား အစွန်းတစ်ဖက် တွင် တစ်ချပ်ပေါ် တစ်ချပ် ၁ လက်မခန့် တင်၍ ဂဟေဆက်ပါ။ ထို့နောက် ၃ မတ် ၁ ပေခွဲခန့်ရှိသော သံကြမ်းပြား ၃ ပြားဖြင့် အညီအမျှနေရာချ၍ အလျားလိုက် ဂဟေဆက်ပါ။ ထို့နောက် ကျန်သည့် အစွန်းတစ်ဖက်အား ၃ မတ် ၄ ပေအရှည်ရှိသော သံကြမ်းပြားဖြင့် ဂဟေဆက်ပါ။ သံဇကာအတွင်း ဝိုင်းအသေးသည် အသေပုံစံဖြစ်သွားပါလိမ့်မည်။ (ပုံ - ၄ တွင်ကြည့်ပါ)

 

BAU-STR အသုံးပြုပုံ

BAU-STR ၏ အစိတ်အပိုင်းများကို ရှေးဦးစွာ တပ်ဆင်ရပါမည်။ ထိုသို့တပ်ဆင်ရာတွင် -

  • မီးဖိုအား သံပိုက်ဖြင့် မချိတ်ဆက်မှီ ဦးစွာ မီးမွှေးထားရပါမည်။ ထို့နောက် မီးဖိုနှင့် Blower ကို ( Π ) သံပိုက်ဖြင့် သေချာစွာ ချိတ်ဆက်ပါ ။(မှတ်ချက် - Blower အား၂ပေခွဲရှိသော ခုံအမြင့်ပေါ်တွင် တင်ပါ။
  • မီးဖိုနှင့် အနည်းငယ်ချိန်ညှိရန်)Blower ထိပ်နှင့် အတွင်းသံဇကာဝိုင်းထိပ်အား ( П ) သံပိုက်ဖြင့် ချိတ်ဆက်ရပါမည်။
  • အတွင်းသံဇကာဝိုင်းအား ဗဟိုထား၍ ၄ ပေ အချင်းရှိသော သံဇကာဝိုင်းအား တပ်ဆင်ရပါမည်။
  •  မြေပဲ/စပါး မထည့်မှီ Blower အား အပူငွေ့ ရ/မရ စမ်းသပ်ပါ။
  • ထို့နောက် အဝိုင်း၂ အဝိုင်းကြား ကွက်လပ်နေရာတွင် အခြောက်ခံမည့် မြေပဲအတောင့်များအား လောင်းထည့်ပါ။ ထည့်သွင်းသည့်မြေပဲအတောင့်များ၏ မျက်နှာပြင်ညီညာမှုရှိစေရန် ဂရုပြုပါ
 

ကုန်ကျစရိတ်

ကုန်ကျစရိတ်အနေဖြင့် လက်ရှိစမ်းသပ်ပြုလုပ်တပ်ဆင်ထားချက်အရ ပစ္စည်းတန်ဖိုးသီးသန့် (720,000 MMK) ကုန်ကျခဲ့သည်။ ဂဟေဆော်ခြင်းနှင့် သံထည်ပိုင်းဆိုင်ရာလုပ်ငန်းများအား မိမိ ကိုယ်တိုင်မလုပ်နိုင်ပါက မိမိဒေသရှိ သံထည်လုပ်ငန်းကျွမ်းကျင်သူများထံ အပ်နှံလုပ်ကိုင်နိုင်ပါသည်။

 

 စမ်းသပ်ချက်အသေးစိပ်နှင့် ထိရောက်မှုရလဒ်

          အကယ်၍ ရိတ်သိမ်းပြီးသော မြေပဲတောင့်များအား BAU-STR dryer ဖြင့်သာ အခြောက်ခံမည် ဆိုပါက မြေပဲ၏ အစိုဓာတ်ပေါ်မူတည်၍ ၁၂ - ၁၆ နာရီကြား အချိန်ကြာမြင့်မည်ဟု ခန့်မှန်းရပါ သည်။ ရိတ်သိမ်းပြီးသော မြေပဲတောင့်များကို နေလှန်းအခြောက်ခံရာ၌ နေရောင်ခြည်ကောင်းစွာ ရရှိသော နေ့ရက်များတွင်၂ ရက်မှ ၃ ရက်အထိ နေလှန်းရပါသည်။ 

                ယခု BAU-STR Dryer ဖြင့် အနည်းငယ် နေလှန်းထားသော မြေပဲ တင်း ၃ဝ ကို အခြောက်ခံရန် ၈ နာရီ ကြာပါသည်။ မေလတွင် ရိတ်သိမ်းခဲ့သော မြေပဲတောင့်များသည် အချိန်အခါမဟုတ် ရွာသော မိုး နှင့် ကြုံကြိုက်ပါက မြေပဲတောင့်များပျက်စီးတတ်သကဲ့သို့ လူသားတို့၏ ကျန်းမာရေးကို ထိခိုက် စေသော Afatodin မှို သည်လည်း မြေပဲဆံများတွင် တွယ်ကပ်နေနိုင်ပါသည်။ သို့ပါ ၍ မြေပဲတောင့် အခြောက်ခံရာတွင် ကောင်းစွာခြောက်သွေ့မှုရှိစေရန် ဂရုစိုက်ရပါမည်။




BAU STR အခြောက်ခံစက် ဗီဒီယိုအားလေ့လာကြည့်ရှူ နိုင်ပါသည်။

https://youtu.be/Z8gaUGAqkAE 



Previous Post Next Post