ငရုတ်သီးစိုက်ပျိုးနည်းနှင့် ငရုတ်သီးမှုန့် ထုတ်လုပ်ပုံအဆင့်ဆင့်

 






ငရုတ်စိုက်ပျိုးခြင်းသည် လယ်သမားများအတွက် လုပ်အားစိုက်ရတာနည်းပြီး ကုန်ကျစရိတ်နည်းသော ကြောင့်  စိုက်ပျိုးသူများအတွက် အမြတ်အစွန်းရှိသော ရွေးချယ်မှုတစ်ခုဖြစ်သည်။ ငရုတ်သီးကို ဟင်းခတ်အမွှေးအကြိုင်များတွင် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုသည့် ငရုတ်သီးအနီတွင် ဗီတာမင်စီ အများအပြားပါဝင်ပြီး ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်ပါတယ်။

မူလမျိုးရင်းက တောင်အမေရိကရှိ ချီလီ၊ မက္ကဆီကို၊ ကိုလံဘီယာ နိုင်ငံများက ဖြစ်ပီး ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်း စိုက်ပျိုးနေကြပြီ ဖြစ်သည်။ တရုတ်နိုင်ငံက အာရှမှာ ငရုတ်သီးမှုန့် ထုတ်လုပ်မှုအများဆုံး နိုင်ငံတစ်ခုအပါအဝင်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် ငရုတ်သီးသည် လူတိုင်းနီးပါအတွက် ခံတွင်းတွေ့ စေသည့်အရသာတစ်ခု ဖြစ်လာသည်။

 #LGTmyanmar, #BBKmyanmar

ငရုတ်စိုက်ပျိုးနည်း


မြန်မာအမည်    -  ငရုတ်

အင်္ဂလိပ်အမည် - Chilli / Pepper

ရုက္ခဗေဒအမည်- Capsicum spp

မျိုးရင်းအမည်   -Solanaceae

ငရုတ်အမျိုးအစားများ

ငရုတ်ကို သာမာန်အားဖြင့် (၂)မျိုးခွဲနိုင်သည်။ ငရုတ်အစပ်မျိုးနှင့် ငရုတ်အချိုမျိုးဖြစ်သည်။ ငရုတ်သီးစပ်ရခြင်းမှာ(Capsaicin)ဓါတ် ပါဝင်မှုကြောင့် ဖြစ်သည်။မျိုးအလိုက် အချို့ငရုတ်သည် မိုးပေါ်သို့ထောင်သီးပြီး၊အချို့မှာအောက်သို့ စိုက်၍သီးပါသည်။ ငရုတ်သီးပုံသဏ္ဌာန်မှာလည်း အရှည်၊ အပု၊ လုံးဝိုင်းပုံ အမျိုးမျိုးရှိကြသည်။

မြေအမျိုးအစား

မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်ပြီး သဲနုန်းမြေသည် အကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံး မြေချဉ်ငံဓါတ်သည် (၅.၅-၇)အတွင်း ဖြစ်သည်။

ရာသီဥတု

ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်၍ မိုးရေချိန်(၂၅‒၅၀)လက်မအထိ ရွာသွန်းသောဒေသတွင် စိုက်ပျိုးရန်သင့်တော်သည်။ ငရုတ်သည် ပူပြင်းသောဒဏ်ကို ခံနိုင်သော်လည်း အသီးဖြစ်ထွန်းမှုနည်းသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင်ရာသီမရွေး စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် ဆောင်းရာသီ၌ စိုက်ပျိုးနိုင်သည်။ အပူချိန် (၂၀-၃၀)ºC တွင် အကောင်းဆုံးဖြစ်ထွန်းပြီး (၁၅)ºC အောက်နိမ့်၍၊ (၃၂)ºCထက်မြင့်လျှင် အပင်ကြီးထွားမှု နှေးကွေးပြီးသီးထွက် လျော့နိုင်ပါသည်။

မျိုးစေ့နှုန်း

စိုက်ပျိုးသည့်စနစ် ကိုမူတည်၍ တစ်ဧကလျှင် မျိုးစေ့(၅၀-၁၀၀)ဂရမ်လိုအပ်ပါသည်။


မြေသြဇာကျွေးခြင်း

တစ်ဧကနှုန်း

နွားချေး (၁)တင်းခွဲအိတ်   (၅၀၀)အိတ်

ယူရီးယား (၅၀)ကီလို           (၂)      အိတ်

တီစူပါ (၅၀)ကီလို           (၁)      အိတ်

ပိုတက်ရှ် (၅၀)ကီလို           (၁)      အိတ်


စိုက်ပျိုးချိန်

အမျိုးအမည်        ပျိုးထောင်ချိန်                စိုက်ချိန်                                        ခူးဆွတ်ချိန်

မိုးကြိုငရုတ်           ဖေ-မတ်                 ဧပြီ-မေ                                  ဇူလိုင်-သြဂုတ်

မိုးငရုတ်                    ဧပြီ-မေ                 ဇွန်                                             စက်တင်ဘာ

ဆောင်းငရုတ်          အောက်တိုဘာ                 နိုဝင်ဘာ                                        ဖေ-မတ်


ပျိုးထောင်ခြင်း

ပျိုးဘောင်ကို သေချာစွာပြုပြင်ပြီး (၆)လက်မကွာ အတန်းလိုက် အစေ့ချ ပျိုးထောင်ပါ။ ပူပြင်းသော ရာသီတွင် ပျိုးဘောင်ကို အမိုးပြုလုပ်ပေးရန် လိုပါသည်။ မြေတွင်းအောင်းပိုးနှင့် ပုရွက်ဆိတ်ကာကွယ်ရန် ပျိုးဘောင်တွင် မြေအောင်းပိုးသတ်ဆေးအား ဆေးညွှန်းပါအတိုင်း ထည့်ပေးပါ။ အစိုဓါတ်မပြတ်စေရန် ရေမှန်မှန်လောင်းပေးပါ။


စိုက်ပျိုးခြင်း

ပျိုးသက်(၃၀‒၄၅)ရက်သားအရွယ် (အရွက်စစ်၅‒၇ရွက်)တွင် စိုက်ပါ။ မိုးရာသီတွင် ပျိုးသက်ကို (၂)လအထိထားနိုင်ပါသည်။ မျိုးအလိုက် အပင်အကွာအဝေး ကွာခြားပါသည်။ တန်းကြားပင်ကြား(၃'‒၁.၅')ဖြင့်စိုက်ပျိုးပါက တစ်ဧကအပင်ဦးရေ(၉၆၈၀) ဝင်ဆံ့ပါသည်။ ညနေတွင် ရွေ့ပြောင်းစိုက်ပါ။ အပင်စိုက်စဉ်တွင် အမြစ်ကိုမြေထဲသို့ ဖြောင့်တန်းစွာရှိနေစေရမည်။


အပင်ပြုစုခြင်း

ရွှေ့စိုက်ပြီး(၂၀)ရက်သားတွင် ပေါင်းလိုက်ပါ။ စိုက်ပြီးတစ်လသားတွင် ယူရီးယားအိတ်ဝက်ထည့်၍ မြေတောင်မြှောက်ပေးပါ။ ရက်(၆၀)သားတွင် ယူရီးယားအိတ်ဝက် ထပ်မံထည့်၍ မြေတောင်မြှောက်ပါ။ အသီးတင်အားကောင်းရန် ပထမဆုံးပွင့်သည့် ပန်းပွင့်အားခြွေပေးသင့်ပါသည်။


ရေသွင်းခြင်း

မြေတွင်းအစိုဓါတ်နည်းသွားပါက အပွင့်အသီးများ ကြွေကျတတ်၍ ရေသွင်းပေးပါ။ (မှတ်ချက်-ရေများပြီးရေဝပ်လျှင်အပင်သေနိုင်သည်။)


ပိုးမွှားရောဂါကာကွယ်ခြင်း

ငရုတ်တွင် အဓိကကျရောက်သောရောဂါများမှာ ကိုင်းဖျားခြောက်ရောဂါ၊ အသီးမှဲ့ပြောက်စွန်းရောဂါနှင့် ဘတ်တီးရီးယားပင်ညှိုးရောဂါများ ဖြစ်ပါသည်။ ကိုင်းဖျားခြောက်နှင့် မှဲ့ပြောက်စွန်းဖြစ်စေသောမှိုသည် မျိုးစေ့ဆောင် ရောဂါဖြစ်၍ မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးနှင့် ဆေးညွှန်းပါအတိုင်း အသုံးပြုစိုက်ပျိုးပါ။ ပင်ညှိုးရောဂါကာကွယ်ရန် ငရုတ်ပျိုးပင်များကို မှိုသတ်ဆေးအား ဆေးညွှန်းပါအတိုင်း ဖျော်၍ဖျန်းပါ။စိုက်ခင်းတွင် သီးထိုးယင်၊ သရစ်ပိုးနှင့် သီးလုံးဖေါက်ပိုးတို့ ကျရောက်တတ်သဖြင့် ပိုးစတွေ့လျှင်တွေ့ချင်း သင့်တော်သည့် ပိုးသတ်ဆေးကို အညွှန်းပါအတိုင်းပက်ဖျန်းပါ။


ခူးဆွတ်ခြင်း

အစိမ်းအဖြစ် ခူးမည်ဆိုပါက အစိမ်းရင့်ချိန်(သို့)အရောင်ပြောင်းစအချိန်တွင် ခူးပါ။ အခြောက်အဖြစ်ခူးမည်ဆိုပါကအနီရောင် ကောင်းမွန်စွာပြောင်းပြီးမှ ခူးဆွတ်ပါ။ အသီးများကို (၅)ရက်တစ်ကြိမ်ခူးရန် လိုအပ်ပါသည်။


 အထွက်နှုန်း

ငရုတ်တစ်ဧကလျှင် ငရုတ်ခြောက်(၇၀၀‒၁၀၀၀)ပိဿာ၊ ငရုတ်အစိုသည် အခြောက်ထက်(၃‒၄)ဆခန့်အထွက်ပိုပါသည်။ ငရုတ်သီးအစိုများကို အပူချိန်(၅၀)°Cရှိ ရေနွေးတွင် (၃)မိနစ်မှ(၅)မိနစ်ခန့်ထိ စိမ်ပေးပြီး နေ ရောင်ဖြင့်အခြောက်ခံနိုင်ပါသည်။ အခွံပွ၍ အတောင့်ကြီးသောမျိုးကို ရေနွေးဖျောပြီးမှသာ အခြောက်ခံကြသည်။


မျိုးစေ့ထုတ်ယူနည်း

မျိုးစေ့ခံမည့်အပင်အား ရွေးချယ်ပြီးနောက် အသီးများကောင်းစွာ ရင့်မှည့်ချိန်တွင် ခူးဆွတ်ပြီး မျိုးစေ့ထုတ်ယူပါ။မျိုးစေ့ကိုအခန်းတွင်း အရိပ်အောက်၌အခြောက်ခံပါ။


ငရုတ်အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့်အချက်များ

၁။ရေမြေဒေသနှင့် ကိုက်ညီသောမျိုးများမှ ဖလံဖြူကင်းပြီး အရောင်လှပသည့် အသီးမှမျိုးစေ့ကို ရွေးချယ်၍ စိုက်ပျိုးပါ။

၂။မြေကို ထယ်ရေးနက်နက်၊ညက်ညက်ထွန်ပြီး ရေသွင်းရေထုတ်မြောင်းများ စနစ်တကျဖော်၍ ဆောင်ရွက်ပါ။

၃။တစ်ဧကလျှင် အပင်ပေါက်နှုန်းကောင်းမွန်သည့် မျိုးစေ့(၅၀‒၁၀၀)ဂရမ်နှုန်း အသုံးပြု၍ ပျိုးထောင်စိုက်ပျိုးပါ။

၄။ပင်ကြား၊ တန်ကြား(၂'x၂') (သို့) (၃'x၁.၅') အကွာအဝေးဖြင့် အပင်(၈၀၀၀မှ၁၀၀၀၀)ဝင်ဆံ့အောင် လေးကွက်ကြားစနစ်ဖြင့် စိုက်ပျိုးပါ။

၅။တစ်ဧကလျှင် နွားချေးတစ်တင်းခွဲအိတ်(၅၀၀)အိတ်၊ ယူးရီးယား(၅၀) ကီလိုအိတ်(၂)အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်ရှ်(၁)အိတ်နှုန်း ထည့်သွင်းပေးပါ။

၆။ပျိုးသက်(၃၀‒၄၅)ရက်သားတွင် စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးပါ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအတွင်း ကြားပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းနှင့် အပင်ပြုပြင်ခြင်းကို ဆောင်ရွက်ပါ။

၇။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင် စိုက်ခင်း၌ အစိုဓါတ်မပြတ်စေရန် အထူးဂရုပြုရပါမည်။ အပင်လှန်ချိန်အထိ အစိုဓါတ်မပြတ်စေရန်ပ န်းစတင်ပွင့်ချိန်တွင် ရေသွင်းပေးခြင်းလုပ်ငန်းကို အထူးဆောင်ရွက်ပါ။

၈။ပိုးမွှားရောဂါတွေ့လျှင်တွေ့ချင်း သင့်တော်သည့်ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို အညွှန်းပါအတိုင်း ပက်ဖျန်းပါ။

၉။ငရုတ်ခြောက်အရည်အသွေးကောင်းရရှိစေရန် အတွက်ပန်းပွင့်ပြီး(၆‒၈)ပါတ်အကြာတွင် ကောင်းစွာရင့်မှည့်၍ အနီရောင်သန်းသော ငရုတ်သီးများကိုသာ ဆွတ်ခူးပါ။


source:စိုက်ပျိုးဦးစီးဌာန 


ငရုတ်သီးမှုန့် ပြုလုပ်ခြင်းအကြောင်း 

ငရုတ်သီးရိတ်သိမ်းချိန်က အလွန်အရေးကြီးသည့်အချိန်ဖြစ်ပြီးတော မှည့်နေသော ငရုတ်သီးများကို ရွေးချယ်ခူးဆွတ်ရပါတယ်။ ရွေးချယ်မှု မှန်ကန်မှသာ ငရုတ်သီးအရသာတွေက လတ်ဆက်သော အချိုအရသာ နှင့် အပူအစပ်အရသာများ ရရှိတာဖြစ်ပါတယ်။ 


လက်ဖြင့်ရိတ်သိမ်းခြင်းသည် အကောင်းစားငရုတ်သီးများကို ရွေးချယ်နိုင်ရုံသာမက ပျက်စီးဆုံးရှုံးမှုနည်းစေပါတယ်။ ငရုတ်သီး အမဲရောင်သန်းတာပါသွားမယ်ဆိုရင် ငရုတ်သီးမှုန့်ထုတ်လုပ်ရာမှာ အရသာနှင့် သက်တမ်းကို ထိခိုက်စေနိုင်သည်။ ရိတ်သိမ်းချိန်အပြီးတွင် ငရုတ်သီးများကို အရွယ်အစား၊ အရောင် နှင့် ရင့်မှည့်ပေါ်မူတည်ပြီး အမျိုးအစားအလိုက် ခွဲခြားပေးရပါတယ်။


ငရုတ်သီးများသည် လယ်ကွင်းမှ စက်ရုံသို့ သယ်ယူပို့ဆောင်ရာတွင် သန့်ရှင်းမှုကို အထူးအလေးထား ပေးရပါတယ်။ အရည်သွေးမြင့်သော ငရုတ်သီးများသည် ကုန်ထုတ်ရာတွင် အရသာကိုပိုကောင်စေပြီး ဝင်ငွေကို ပိုတိုးစေပါသည်။ 


ငရုတ်သီးများ စက်ရုံကိုရောက်သည်နှင့် တပြိုင်နက် ဆေးကြောသန့်စင်သည့် လုပ်ငန်းကို စတင်လုပ်ဆောင်ပါသည်။ သေချာစွာ ဆေးကြောသန့်စင်ပြီးနောက် သဘာဝအတိုင်း နေလှန်းအခြောက်ခံပေးပါတယ်​။ စက်ရုံအတွင်း ငရုတ်သီးခြောက် ကနေ ငရုတ်သီးမှုန့် ပြုလုပ်တဲ့ အခါ

  • ငရုတ်သီးစေ့ ပါဝင်မှု အနည်းဆုံးဖြစ်အောင် တုန်ခါစက်များ အသုံးပြုခြင်း 
  • ပိုးမွှားအမျိုးမျိုးနှင့် သဲ အမှုန်များ သန့်စင်ပေးတဲ့ စက်တွေနဲ့ သန့်စင်ပေးရပြီး
  • ကြိတ်စက်ကို အသုံးပြုပြီး နုပ်နုပ်စင်းပြီး လိုချင်တဲ့ အမှုန့်အရွယ်အစားရအောင် စစ်ထုတ်ပေးရပါတယ်။
  • ရလာတဲ့ ငရုတ်သီးမှုန့်တွေကို Blender စက်တွေကနေတဆင့် ငရုတ်သီးမှုန့် ပြုလုပ်ပါတယ်။





Previous Post Next Post