သင့်ရဲ့ ထူးချွန်တဲ့ အရည်အချင်းတွေကို ဘယ်လိုရှာဖွေမလဲ။ ထူးခြား စွမ်းရည် ၁၁ မျိုး


လူငယ်ဘဝ အများစုက ပညာရေးစနစ်မှာ အချိန်အများဆုံးကုန်ဆုံးကြရတယ်။ ဒီပညာရေးစနစ်က လက်တစ်ဆုပ်စာ အကြောင်းအရာအနည်းငယ်မှာပဲ ကျွန်တော်တို့ရဲ့ အရည်အချင်းကို စမ်းသပ်ပါတယ်။ ဒါကြောင့် လူအများစုဟာ ဘဝမှာ အောင်မြင်ဖို့ အရည်အချင်းရော ဉာဏ်ရည်ပါ မရှိဘူးလို့ တွေးရင်း ကြီးပြင်းလာကြတယ်။ တကယ်တော့ ဒါဟာ ကိုယ်နဲ့ စိတ်မဝင်စားတဲ့အရာတွေကို စမ်းသပ်ခံရလို့ ဖြစ်နိုင်ပါတယ်။ #LGTmyanmar , #BBKmyanmar

.

ဒီနေ့မှာတော့ ရှိသင့်တဲ့ အရည်အချင်း (၁၁) မျိုးကို ပြောပြသွားပေးပါမယ်။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ရှာမတွေ့လို့ စိတ်ပူနေသူတွေအတွက် ဒီဗီဒီယိုကို အဆုံးထိ ကြည့်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ အားသာချက်တွေ ဘယ်မှာရှိလဲဆိုတာကို နားလည်လာပြီး ဘယ်လမ်းကြောင်းကို သွားသင့်လဲဆိုတာကို သိလာနိုင်လို့ပါ။

.

အရည်အချင်းဆိုတာ ဘာလဲ

"အရည်အချင်း" (ability) ဆိုတာ  အချက်နှစ်ချက်ကို ဆိုလိုပါတယ်။

  1. သဘာဝအတိုင်း စိတ်ဝင်စားတဲ့အရာ။

  2. ပျမ်းမျှလူတစ်ယောက်ထက် အနည်းငယ်သာလွန်ပြီး ထူးချွန်တဲ့အရာ။

လူတိုင်းမှာသဘာဝ အရည်အသွေး ဆိုတာ ရှိနေပေမဲ့၊ ဒီအရည်အချင်း (၁၁) မျိုးကို ကျွမ်းကျင်ပိုင်နိုင်ဖို့ အနည်းဆုံး တစ်ဝက်လောက်က လေ့ကျင့်မှုနဲ့ အတွေ့အကြုံ (practice and gaining experience) ကြောင့် ဖြစ်လာတယ်ဆိုတာ မှတ်သားထားဖို့ အရေးကြီးပါတယ်။ ဒါက ကြိုးစားအားထုတ်မှုနဲ့ စိတ်ပါဝင်စားမှုရှိမယ်ဆိုရင် ဒီအရည်အချင်း (၁၁) မျိုးထဲက ဘယ်တစ်ခုကိုမဆို တော်တော်လေး ကျွမ်းကျင်နိုင်တယ်လို့ ဆိုလိုတာပါ။

.

၁။ ဂီတဆိုင်ရာ အရည်အချင်း (Musical Ability)

ဒီအမျိုးအစားမှာ ထူးချွန်သူတွေဟာ ဂီတကို နားထောင်ရတာ နှစ်သက်တယ်။ နားထောင်ရင်းနဲ့ ပိုပြီး လေ့လာနိုင်တယ်၊ နားထောင်လို့ သာယာတဲ့ အသံတွေကို ကောင်းကောင်း ခွဲခြားသိမြင်နိုင်တယ်။

.

ဒါကြောင့် သူတို့မှာ သံစဉ်၊ တေးသွား၊ ရစ်သမ်ကို နားလည်တတ်ပြီး တေးဂီတတွေကို အလွယ်တကူ မှတ်သားပြီး ပြန်လည် တီးခတ်နိုင်ပါတယ်။ ဂီတကို အထူးစိတ်ဝင်စားတယ်ဆိုရင် တူရိယာတီးခတ်တာ၊ သီချင်းဆိုတာ ဒါမှမဟုတ် သီချင်းရေးစပ်တာတွေမှာလည်း ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒီအရည်အချင်းကို လူ့အဖွဲ့အစည်းက ဝါသနာတစ်ခုလို့ပဲ သတ်မှတ်လေ့ရှိပေမဲ့ ၊ တကယ်ထူးချွန်တဲ့သူတွေအတွက် အလုပ်အကိုင်လမ်းကြောင်းများစွာ ရှိပါတယ်။ ဥပမာ- ဂီတနဲ့ ပတ်သက်တဲ့ content ဖန်တီးသူ၊ ရုပ်ရှင်ဗီဒီယိုတွေအတွက် အသံပိုင်းဆိုင်ရာလုပ်ကိုင်သူ၊ သီချင်းရေးဆရာ၊ အသံပိုင်းဆိုင်ရာ ဒီဇိုင်းပညာရှင် စတာတွေ ဖြစ်ပါတယ်။

၂။ သဘာဝဆိုင်ရာ အရည်အချင်း (Natural Ability)

ဒီအမျိုးအစားမှာ ထူးချွန်သူတွေဟာ သဘာဝပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးရတာ နှစ်သက်ကြပြီး အပင်တွေ၊ တိရစ္ဆာန်တွေကို ချစ်တတ်ကြတယ်။ ကမ္ဘာပေါ်က မတူညီတဲ့ ဒြပ်ပေါင်းတွေ၊ အရာဝတ္ထုတွေ ဘယ်လိုအပြန်အလှန် သက်ရောက်တယ်ဆိုတာကို နားလည်ကြတယ်။

.

ဒါကြောင့် သူတို့မှာ အသက်ရှင်ရပ်တည်နိုင်စွမ်း (survival skills) အတွက် အရည်အချင်းရှိကြတယ်။ အပင်တွေ၊ တိရစ္ဆာန်မျိုးစိတ်တွေကို ခွဲခြားသိမြင်နိုင်ပြီး၊ တိရစ္ဆာန်တွေရဲ့ အပြုအမူကို နားလည်ကာ သဘာဝရှိ အရာအားလုံးဟာ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို သိကြပါတယ်။

.

ဒီအရည်အချင်းရှိသူတွေအတွက် ဖြစ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းတွေကတော့ ချက်ပြုတ်တာ၊ စိုက်ပျိုးရေး၊ တိရစ္ဆာန်တွေနဲ့ အလုပ်လုပ်တာ၊ ဆေးပညာနဲ့ ကျန်းမာရေးနယ်ပယ်မှာ လုပ်ကိုင်တာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာလည်း သဘာဝရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့်ပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို အလုပ်လုပ်နိုင်ပါတယ်။

.

၃။ ရွေ့လျားမှုဆိုင်ရာ အရည်အချင်း (Movement Ability)

ဒီအမျိုးအစားမှာတော့ ထူးချွန်သူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားရတာ နှစ်သက်ကြတယ်။ ကြီးမားတဲ့ လှုပ်ရှားမှုမျိုးဖြစ်စေ၊ သေးငယ်ပြီး တိကျတဲ့ လှုပ်ရှားမှုမျိုးဖြစ်စေ သူတို့အတွက် အဆင်ပြေပါတယ်။

.

သူတို့မှာ ခန္ဓာကိုယ်ထဲက ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ပျမ်းမျှလူတစ်ယောက်အတွက် မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အံ့သြဖွယ်အရာတွေကို လုပ်နိုင်ပါတယ်။ ဒီအမျိုးအစားရဲ့ ကောင်းတဲ့အချက်ကတော့ လေ့ကျင့်မှုနဲ့ အများကြီး ဆက်စပ်နေပါတယ်။ လှုပ်ရှားမှုတစ်ခုကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းက အဲဒီအတိုင်း လှုပ်ရှားနိုင်ဖို့ ဦးနှောက်ဆဲလ် (neuron) တွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ အဲဒီလှုပ်ရှားမှုကို ပိုမြန်၊ ပိုတိကျအောင် လုပ်နိုင်လာပါတယ်။

.

ဒီအရည်အချင်းရှိသူတွေအတွက် ဖြစ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းတွေကတော့ အားကစား၊ အက၊ လက်မှုပညာ၊ ကိုယ်ကာယလေ့ကျင့်ပေးသူ (personal training) နဲ့ ကိုယ်ခံပညာရပ်တွေပဲ ဖြစ်ပါတယ်။

.

၄။ လူမှုဆက်ဆံရေးဆိုင်ရာ အရည်အချင်း (Interpersonal Ability)

ဒီအရည်အချင်းရှိသူတွေဟာ လူတွေကြားက ဆက်ဆံရေးကို ကောင်းကောင်းနားလည်ကြတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဘာသာစကား (body language) ကို လျင်မြန်စွာ ဖတ်ရှုပြီး သူတို့ရဲ့ ခံစားချက်ကို သိနိုင်ပါတယ်။ စကားပြောဆိုမှုမှာလည်း တော်ကြပါတယ်။

.

သူတို့ဟာ လူတွေရဲ့ သဘာဝကို နားလည်ပြီး လူတွေ ဘယ်လိုအပြန်အလှန် ဆက်ဆံတယ်ဆိုတာကို သိကြပါတယ်။ ဒီအရည်အချင်းရှိသူတွေအတွက် ဖြစ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းတွေကတော့ အရောင်း၊ လူမှုမီဒီယာအတွက် content ဖန်တီးသူ (အင်တာဗျူး၊ Talk Show မျိုး)၊ ပွဲစီစဉ်သူ၊ ဆက်ဆံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ တရားဥပဒေစိုးမိုးရေးမှာ အလုပ်လုပ်တာတွေ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လူတွေကို ဖတ်နိုင်ဖို့ လိုအပ်လို့ပါ။

.

၅။ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စွမ်း (Intrapersonal Ability)

လူမှုဆက်ဆံရေးအရည်အချင်းနဲ့ ဆင်တူတဲ့ နောက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စွမ်း ဖြစ်ပါတယ်။ ဒီအရည်အချင်းရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းနားလည်ကြပါတယ်။

.

ဘယ်အရာတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်ပြီး ဆင်ခြင်သုံးသပ်ကာ ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့အတွက် အလွန်အစွမ်းထက်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမဆုံးအနေနဲ့ ဘယ်အရာတွေကို ပြင်ရမယ်ဆိုတာ သိမှ တိုးတက်နိုင်လို့ပါ။

.

ဒီအရည်အချင်းတစ်ခုတည်းကို အဓိကထားတဲ့ အလုပ်အကိုင်ကတော့ အများကြီးမရှိပါဘူး။ ဒါပေမဲ့ ကုထုံးပညာရှင် (therapists)၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် သင်ပြပေးသူ (self-improvement coaches)၊ စကားပြောကောင်းသူ (motivational speakers) စတဲ့ အသက်မွေးဝမ်းကြောင်းတွေကတော့ ဒီအမျိုးအစားထဲမှာ အနည်းငယ် ပါဝင်ပါတယ်။

.

၆။ ယုတ္တိဗေဒဆိုင်ရာ အရည်အချင်း (Logical Ability)

ဒီအမျိုးအစားထဲမှာ ပါဝင်တဲ့သူတွေဟာ ဆင်ခြင်တုံတရား ကောင်းမွန်ကြတယ်။ သူတို့ဟာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို စိတ်ဝင်စားနိုင်ပေမဲ့ အရေးကြီးဆုံးကတော့ အမှန်တရားကို စိတ်ဝင်စားတာ ပါပဲ။

.

သူတို့ဟာ စိတ်ခံစားချက်ထက် ဆင်ခြင်တုံတရား ကို ပိုပြီး ဦးစားပေးကြတယ်။  ဒီအမျိုးအစားမှာ ထူးချွန်သူတွေဟာ နည်းပညာဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ ထူးချွန်ပြီး အကြောင်းအရာတစ်ခု အလုပ်ဖြစ်၊ မဖြစ်ကို သင့်တင့်တဲ့ တိကျမှုနဲ့ ခန့်မှန်းနိုင်ပါတယ်။

.

ဒီလိုလူတွေဟာ ရင်းနှီးမြှုပ်နှံသူ (investors)၊ သိပ္ပံပညာရှင်၊ တီထွင်သူ၊ စွန့်ဦးတီထွင်သူ (entrepreneurs) တွေ ဖြစ်လာလေ့ရှိပါတယ်။ ဒါဟာ ဘယ်အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်သည်ဖြစ်စေ အောင်မြင်ဖို့အခွင့်အရေးကို တိုးစေမယ့် ထူးခြားတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက မှားတာနဲ့ မှန်တာကို ခွဲခြားနိုင်လို့ပါ။

.

စာရင်းရဲ့တစ်ဝက်ကို ရောက်ပြီဖြစ်တဲ့အတွက် ဒီအရည်အချင်းတွေထဲက ဘယ်ဟာကို အာရုံစိုက်သင့်လဲဆိုတာကို ခဏပြောပြပါရစေ။ ကျွန်တော်တို့မှာ ငယ်ငယ်ကတည်းက သဘာဝအတိုင်း စိတ်ဝင်စားခဲ့တဲ့အရာတွေ၊ ဆွဲဆောင်မှုရှိခဲ့တဲ့အရာတွေ ရှိပါတယ်။ ကိုယ့်ရဲ့ စစ်မှန်တဲ့ စိတ်အားထက်သန်မှုကို သိဖို့ဆိုရင် အရာအမျိုးမျိုးကို စူးစမ်းကြည့်မှ ဘယ်အရာက ကိုယ့်ကို ဆွဲဆောင်လဲဆိုတာကို သိနိုင်မှာပါ။ ဒါကြောင့် ဒီအပိုင်းကို Curiosity Stream က ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။

.

Curiosity Stream ဟာ Netflix ရဲ့ Documentary version နဲ့ တူပါတယ်။ သမိုင်း၊ သဘာဝ၊ သိပ္ပံ၊ အစားအသောက်၊ ခရီးသွားစတဲ့ အကြောင်းအရာမျိုးစုံနဲ့ ပတ်သက်တဲ့ Documentary ရုပ်ရှင်တွေ၊ Non-fiction TV show ထောင်ပေါင်းများစွာကို ကြည့်ရှုနိုင်ပါတယ်။ သူတို့ရဲ့ ရွေးချယ်စရာတွေကို ကြည့်တဲ့အခါ ဘယ်အကြောင်းအရာက ကိုယ့်ကို ပိုစိတ်ဝင်စားလဲဆိုတာကို သဘာဝအတိုင်း သိနိုင်မှာပါ။ ဒါက ကိုယ့်ရဲ့ စိတ်အားထက်သန်မှု ဘယ်မှာရှိလဲဆိုတာကို ခန့်မှန်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

.

၇။ ဘာသာစကားဆိုင်ရာ အရည်အချင်း (Linguistic Ability)

ဒီအမျိုးအစားမှာ ထူးချွန်သူတွေဟာ ကိုယ်ပြောတဲ့ ဘာသာစကားကို ကောင်းကောင်းနားလည်ပြီး စကားလုံးတစ်လုံးချင်းစီကနေ ထွက်ပေါ်လာတဲ့ ခံစားချက်ကိုလည်း သိကြပါတယ်။

.

သူတို့ဟာ စကားပြောဆိုရာမှာ ရှင်းလင်းပြတ်သားပြီး ဝေါဟာရကြွယ်ဝလေ့ရှိပါတယ်။ အများအားဖြင့် စာဖတ်ရတာ၊ စကားပြောကောင်းသူတွေကို နားထောင်ရတာ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ သူတို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ မက်ဆေ့ချ်တွေကို ဖန်တီးနိုင်တာကြောင့် ပျမ်းမျှလူတစ်ယောက်ထက် ပိုပြီး သြဇာလွှမ်းမိုးနိုင်ပါတယ်။ ဘာသာစကားပိုင်းမှာ ထူးချွန်တဲ့သူတွေဟာ စာရေးဆရာ၊ စကားပြောဆရာ၊ ကဗျာဆရာ၊ copywriter ဒါမှမဟုတ် ဘာသာပြန်ဆရာ ဖြစ်လာနိုင်ပါတယ်။

.

၈။ ဒစ်ဂျစ်တယ်ဆိုင်ရာ အရည်အချင်း (Digital Ability)

ဒါက ဒီစာရင်းထဲမှာ အသစ်ဆုံး အရည်အချင်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒစ်ဂျစ်တယ်ကမ္ဘာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်မှ လူသိများလာတာဖြစ်လို့ပါ။ ဒီအမျိုးအစားမှာ ပါဝင်တဲ့သူအများစုကတော့ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ ကြီးပြင်းလာတဲ့ လူငယ်မျိုးဆက်တွေဖြစ်ကြပါတယ်။ ဒစ်ဂျစ်တယ်ကမ္ဘာက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ကောင်းကောင်းနားလည်ကြတယ်။ Social media၊ SEO၊ marketing၊ memes၊ going viral စတာတွေအားလုံးဟာ ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

.

ဒါကြောင့် ဒီအရည်အချင်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေက အဆုံးမရှိပါဘူး။ အွန်လိုင်းကနေ လုပ်ဆောင်နိုင်တဲ့ အရာတိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဒစ်ဂျစ်တယ်အရည်အချင်းကို လိုအပ်ပါတယ်။ အွန်လိုင်းကနေ လုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်လာတာနဲ့အမျှ ဒီကျွမ်းကျင်မှုရှိတဲ့လူတွေရဲ့ လိုအပ်ချက်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလာမှာပါ။

.

၉။ အမြင်ဆိုင်ရာ အရည်အချင်း (Visual Ability)

ဒီအမျိုးအစားမှာ ထူးချွန်သူတွေဟာ အလှအပဆိုင်ရာကို ကောင်းကောင်းသဘောပေါက်ကြတယ်။ သူတို့ဟာ ကြည့်လို့ကောင်းတဲ့ အရာတွေကို ခွဲခြားသိမြင်နိုင်ပြီး ဘယ်အရောင်တွေနဲ့ ဘယ်ပုံသဏ္ဌာန်တွေက လိုက်ဖက်တယ်ဆိုတာကို သိကြပါတယ်။

.

သူတို့ဟာ ရှုပ်ထွေးတဲ့ ပုံရိပ်တွေကိုလည်း စိတ်ထဲကနေ မြင်ယောင်ပြီး စိတ်ကူးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် အဲဒီပုံရိပ်တွေကို စာရွက်ပေါ်မှာ ပြန်ဖန်တီးနိုင်လေ့ရှိပါတယ်။ ဖြစ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းတွေကတော့ ဗိသုကာပညာရှင် (architects)၊ သရုပ်ဖော်ပညာရှင် (illustrators)၊ ကာတွန်းဖန်တီးသူ (animators)၊ ဖက်ရှင်ဒီဇိုင်နာနဲ့ ဂရပ်ဖစ်ဒီဇိုင်နာတွေပဲ ဖြစ်ပါတယ်။

.

၁၀။ သင်ကြားရေးဆိုင်ရာ အရည်အချင်း (Teaching Ability)

ဒီအမျိုးအစားမှာ ထူးချွန်သူတွေဟာ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ကလေးငယ်တွေတောင် နားလည်လောက်အောင် ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါတယ်။ သူတို့ဟာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မှာ တစ်စုံတစ်ယောက်ရဲ့ လုပ်ဆောင်မှု မှားတယ်၊ မှန်တယ်ဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ သူတို့ဟာ တပည့်တွေ တိုးတက်လာတာကို မြင်ရတဲ့အခါ နှစ်သိမ့်ကျေနပ်မှုကို အများကြီးရရှိကြပါတယ်။

.

ဒီအမျိုးအစားထဲမှာ ပါဝင်တဲ့သူတွေအတွက် ဖြစ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းတွေကတော့ ဆရာ/ဆရာမ၊ အကြံပေးပုဂ္ဂိုလ် (consulting)၊ ပညာရေးဆိုင်ရာ content ဖန်တီးသူနဲ့ မိဘကောင်းတစ်ယောက်အဖြစ် လုပ်ဆောင်တာတွေပဲ ဖြစ်ပါတယ်။

.

၁၁။ စိတ်ဝိညာဉ်ဆိုင်ရာ အရည်အချင်း (Spiritual Ability)

နောက်ဆုံးကတော့ စိတ်ဝိညာဉ်ဆိုင်ရာ အရည်အချင်း ဖြစ်ပါတယ်။ ဒါကတော့ တော်တော်လေး ထူးခြားတဲ့အမျိုးအစားပါ။ ဘာလို့လဲဆိုတော့ လူတိုင်းနီးပါးက အသက်ကြီးလာတာနဲ့အမျှ စိတ်ဝင်စားလာတဲ့အရာဖြစ်လို့ပါ။

.

ဒါဟာ သေဆုံးပြီးနောက် ဘာတွေဖြစ်မလဲ၊ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဘုရားသခင် ရှိသလားဆိုတဲ့ ဘဝရဲ့ ပိုကြီးမားတဲ့ မေးခွန်းတွေကို စဉ်းစားနိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။ ဒီအမျိုးအစားကို စိတ်ဝင်စားသူတွေဟာ အတွေးအခေါ်ပညာရှင် (philosophers)၊ ဘုန်းကြီး၊ သီလရှင်  ဒါမှမဟုတ် ဒီအကြောင်းအရာတွေကို စဉ်းစားရင်း အချိန်အများကြီးကုန်ဆုံးသူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအရည်အချင်းကို အထူးပြုဖို့ လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းကတော့ အများကြီးမရှိပါဘူး။

.

လူအများစုဟာ ဒီအရည်အချင်း (၁၁) မျိုးထဲက တစ်ခုထက်ပိုပြီး စိတ်ဝင်စားမှုရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်အလိုအပ်ဆုံး စိတ်ဝင်စားတဲ့အရာကို ရှာဖွေပြီး အဲဒီအရည်အချင်းတွေကို အသုံးပြုတဲ့ အသက်မွေးဝမ်းကြောင်းကို စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါက ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို လုပ်ရင်း ကောင်းမွန်တဲ့ ဝင်ငွေလည်း ရှာနိုင်စေမှာဖြစ်ပြီး အလုပ်လုပ်ရတာလည်း ပိုပြီး ပျော်စရာကောင်းလာပါလိမ့်မယ်။ ဒီ (၁၁) မျိုးထဲက ဘယ် (၃) မျိုးက သင့်နဲ့အကိုက်ဆုံးလဲဆိုတာကို comment မှာ ရေးပေးခဲ့ပါ။ သင့်ရဲ့စိတ်အားထက်သန်မှုက ဘာတွေဖြစ်နိုင်လဲဆိုတာကို တကယ်သိချင်ပါတယ်။

أحدث أقدم