မေမြို့ပန်း စိုက်ပျိုးရေး




မေမြို့ပန်းစိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

မေမြို့ပန်းကို နေရာအနှံ့အပြားမှာ စိုက်ပျိုးလို့ရပါတယ်။ မိုးရာသီမှာဆိုရင်တော့ ကုန်းမြေများမှာ စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီမှာဆိုရင်တော့ နုံးမြေများမှာ စိုက်ပျိုးနိုင်ပါတယ်။ ကုန်းမြေများဆိုသည်မှာ မြေနီမြေဝါသဲနုန်းမြေတို့ကို ဆိုလိုတာဖြစ်ပါတယ်။ နုံးမြေကတော့ အစိုဓာတ်များပြီး သစ်ဆွေးပုပ်များတဲ့ မြေအမျိုးအစားပဲဖြစ်ပါတယ်။ #LGTmyanmar , #BBKmyanmar


မေမြို့ပန်း၏ မျိုးစိတ်နှင့် ရာသီဥတု

မေမြို့ပန်း၏ မူရင်းဒေသကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ သက်တမ်းပေါ်မူတည်ပြီး သက်ရင့်မျိုးသက်လတ်မျိုးနဲ့ သက်ငယ်မျိုးဆိုပြီး အမျိုးမျိုးရှိပါတယ်။ သက်ရင့်မျိုးကတော့ ၂ လခွဲနဲ့ ပန်းပွင့်ပြီး၊ သက်လတ်မျိုးကတော့ ၃ လခွဲနဲ့ ပန်းပွင့်ပါတယ်။ သက်ငယ်မျိုးကတော့ ၄ လကြာမှ ပန်းပွင့်တာဖြစ်ပါတယ်။ ပန်းပွင့်အရောင်တွေကတော့ ပန်းနုရောင်အပြာရောင်ကြက်သွေးရောင်အနီရောင်အညိုရောင်မရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ မေမြို့ပန်းသည် ပူလွန်း၊ အေးလွန်းသော ရာသီဥတုကို မကြိုက်နှစ်သက်ပါ။


စိုက်ပျိုးနည်းလမ်းများ

မေမြို့ပန်းစိုက်တဲ့မြေဟာ သဲဆန်လွန်းရင် (သို့မဟုတ်) မြေစေးများလွန်းရင်တော့ တစ်ဧကမှာ နွားချေးလှည်း အစီး ၅၀ ခန့်ချပြီး မြေကိုပြုပြင်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။ ရေဝပ်တဲ့အမျိုးအစားမှာဆိုရင်တော့ စိုက်ဘောင်များကို ပြုလုပ်ပြီး စိုက်ပျိုးသင့်ပါတယ်။ မေမြို့ပန်းကို စိုက်ဘောင်များနဲ့ စိုက်ပျိုးနိုင်သလို အစေ့များကို တိုက်ရိုက်ချပြီးလည်း စိုက်ပျိုးနိုင်ပါတယ်။


ပျိုးထောင်စိုက်ပျိုးနည်းအသေးစိတ်

ပျိုးထောင်ပြီး စိုက်ပျိုးမယ်ဆိုရင်တော့ မြေသားကို ကြေညက်အောင်ပြုလုပ်ပြီး နွားချေးမှုန့်ဖြင့် သမအောင်ရောမွှေပြီး မျိုးစေ့ချပေးရမှာ ဖြစ်ပါတယ်။ ပျိုးဘောင်များကိုတော့ အလျား ၂၀ ပေနဲ့ အနံ ၃ ပေ ပြုလုပ်ပေးရပါမယ်။ မျိုးစေ့တန်းကို တစ်တန်းနဲ့တစ်တန်း ၃ လက်မခန့် ခွာပြီး အတန်းလိုက် စိုက်ပျိုးပေးရပါတယ်။ စိုက်ပျိုးပြီးရင်တော့ မြေမှုန့်ပါးပါးဖြူးပြီး ရေလောင်းပေးရမှာ ဖြစ်ပါတယ်။ ပျိုးတဲ့အချိန်မှာတော့ ရေကို စိုရုံမျှ ရေပန်းခရားလေးနဲ့ လောင်းပေးရမှာဖြစ်ပြီး ပျိုးဘောင်ကို အရိပ်တစ်လှည့်၊ နေတစ်လှည့်ဖြင့် ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ ပျိုးပြီး တစ်လ ဒါမှမဟုတ် တစ်လခွဲကြာတဲ့အခါမှာ စိုက်ဘောင်များဆီကို ရွှေ့ပြောင်းပြီး စိုက်ပျိုးနိုင်ပါတယ်။


စိုက်ပျိုးဘောင် ပြုလုပ်နည်း

ရေလောင်းပြီး စိုက်ပျိုးမယ်ဆိုရင် အလျား ၃၀ ပေ၊ အနံ ၅ ပေခန့်နဲ့ စိုက်ဘောင်အမြင့်ကတော့ ၄ လက်မခန့် ထားရမှာ ဖြစ်ပါတယ်။ ရေသွင်းစိုက်ပျိုးမယ်ဆိုရင်တော့ ဘောင်အမြင့်က ၆ လက်မခန့် ထားရမှာဖြစ်ပါတယ်။ တစ်ပင်နဲ့တစ်ပင်ကို ၇ လက်မကနေ ၉ လက်မခန့် စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ စိုက်ဘောင်တစ်ခုနဲ့တစ်ခုခြား လူသွားလမ်း ၁ ပေခန့် ထားပေးရပါမယ်။ တိုက်ရိုက်စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ပေခွဲခန့်ခွာပြီး စိုက်ကြောင်းများဖော်ကာ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင်တော့ သန်စွမ်းတဲ့အပင်များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။


ရိတ်သိမ်းခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း

ပန်းများပွင့်လာတဲ့အခါမှာ အပင်ရဲ့ ၅၀% ကို ပန်းပွင့်တယ်ဆိုရင် အပင်ကို နုတ်ယူပြီး ရောင်းချနိုင်ပါတယ်။ မျိုးစိတ်များကို ထုတ်လုပ်ဖို့အတွက်ကတော့ မြေပြန့်မှာဆိုရင် ဆောင်းရာသီမှာ စိုက်ပျိုးရမှာဖြစ်သလို တောင်ပေါ်ဒေသမှာဆိုရင် မိုးတွင်းမှာ စိုက်ပျိုးသင့်ပါတယ်။ မျိုးသန့်ပြီးလှပတဲ့ အပင်များကို ပန်းများမခူးဘဲ ချန်ထားပြီး မျိုးစေ့ယူရမှာဖြစ်ပါတယ်။ ပန်းပွင့်များ အတော်အသင့် ခြောက်သွေ့သွားတဲ့အခါမှာတော့ ၂ ရက်ခန့် နေလှန်းပြီး အရိပ်ထဲမှာ ၃ ရက်ခန့် အခြောက်ခံထားရမှာဖြစ်ပါတယ်။ ထို့နောက် မျိုးစေ့များကို ပုလင်းထဲထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။

أحدث أقدم