စတော်ဘယ်ရီသီးကနေ အစေ့ထုတ်ပြီး အလွယ်ဆုံး နည်းလမ်း (၃) မျိုး ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း

ဒီနေ့ ဗီဒီယိုမှာ စျေးကနေ တိုက်ရိုက်ဝယ်လာတဲ့ စတော်ဘယ်ရီသီးကနေ အစေ့ထုတ်ပြီး အပင်ပျိုးနည်း (၃) မျိုးနဲ့ စမ်းသပ်ပြသွားမှာ ဖြစ်ပါတယ်။ ပျိုးပင်လေးတွေ အစားထိုးစိုက်ပျိုးဖို့ အဆင်သင့်ဖြစ်တဲ့အထိ ပျိုးခုံတွေရဲ့ ကြီးထွားမှုတွေကို နှိုင်းယှဥ်ကြည့်သွားပါမယ်။ #LGTmyanmar , #BBKmyanmar

.

ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ အပြင်ဘက်ကနေ ပါးလွှာတဲ့ အခွံတစ်လွှာကို ဓားနဲ့ ခြစ်ယူဖို့ ဖြစ်ပါတယ်။ အဲ့ဒီအခွံမှာ အသားနည်းနိုင်သမျှနည်းပြီး အစေ့လေးတွေ အကုန်ပါရပါမယ်။ တကယ်တော့ ကျွန်တော်တို့ မြင်နေရတဲ့ အစက်လေးတွေက အသီးငယ်လေးတွေ ဖြစ်ပေမယ့် အစေ့လို့ပဲ ခေါ်ပါမယ်။ ဒီလို အစေ့အားလုံးပါအောင် ပါးပါးလှီးပြီးတဲ့နောက် ကျွန်တော်ပြမယ့် နည်းလမ်းတွေအတိုင်း ပျိုးခုံ (၃) ခုံမှာ စိုက်ပျိုးပြီး မျိုးစေ့အားလုံး ပေါက်တဲ့အထိ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ပါမယ်။

.

စတော်ဘယ်ရီ ပျိုးခုံ ပြင်ဆင်ခြင်း

ပျိုးခုံ ပြင်ဆင်ဖို့အတွက် အဖုံးလုံတဲ့ ဘူးတစ်လုံးကို သုံးပါမယ်။ ပထမဆုံး ရေလောင်းပြီးချိန်ကစပြီး အစိုဓာတ်တွေ အပြင်ကို မထွက်သွားအောင် အဓိကထားရပါမယ်။ ဘူးအောက်ခြေမှာ ရေထွက်ပေါက်တွေ လုံးဝမပါရဘူး၊ ပြီးတော့ အဖုံးကိုလည်း လုံနေအောင် ပိတ်ထားနိုင်ရပါမယ်။ ဒါက အစိုဓာတ်ကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ မျိုးစေ့တွေ အပင်ပေါက်လာတဲ့အခါမှာလည်း အမြစ်လေးတွေက ကျွန်တော်တို့ ထည့်ထားတဲ့ မြေဆီလွှာထဲကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လိုပါတယ်။

.

စတော်ဘယ်ရီ ပျိုးရန်အတွက် မြေဆီလွှာများ

မြေဆီလွှာအနေနဲ့ သစ်သားအပိုင်းအစလေးတွေပါတဲ့ မြေဆွေး (compost) ကို သုံးပါမယ်။ အဓိကရည်ရွယ်ချက်ကတော့ မျိုးစေ့တွေ အပင်ပေါက်ချိန်မှာ မြေဆီလွှာက လေဝင်လေထွက်ကောင်းနေဖို့ ဖြစ်ပါတယ်။

.

ဒီလိုမျိုးမြေဆီလွှာတွေထဲမှာ အခြား ပစ္စည်းတွေကိုလည်း ရောထည့်လေ့ရှိပါတယ်။ ဥပမာ- Sphagnum moss ကနေရတဲ့ ပေါ်ဆွေး (peat) လိုမျိုးပေါ့။ ပေါ်ဆွေးကို ရေဓာတ်ပိုထိန်းနိုင်အောင်နဲ့ မြေဆီလွှာကို အနည်းငယ် အက်ဆစ်ဓာတ်ရှိစေဖို့ ထည့်လေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပေါ်ဆွေးကို အသုံးနည်းလာပြီး အုန်းမှုန့် (coconut fiber) နဲ့ အစားထိုးအသုံးပြုလာကြပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ သာမန်မြေဆွေးကိုပဲ သေချာပြင်ဆင်ထားရင် မျိုးစေ့အားလုံး ပေါက်ဖို့အတွက် အကောင်းဆုံးပါပဲ။ ပျိုးပင်လေးတွေ နည်းနည်းကြီးလာမှ အခြားပစ္စည်းတွေ ရောထည့်ချင်တယ်ဆိုရင် ရောလို့ရပါတယ်။ ကျွန်တော်ကတော့ အခြောက်ခံထားတဲ့ အရွက်တွေနဲ့ ပေါင်းပြီး ရောစပ်လေ့ရှိပါတယ်။

.

အခု စိုက်ပျိုးနည်း (၃) မျိုးအတွက် ပျိုးခုံ (၃) ခုကို အရင်ပြင်ဆင်ပါမယ်။ ဗန်းထဲမှာ ၄ စင်တီမီတာကနေ ၅ စင်တီမီတာလောက်ရှိတဲ့ မြေဆီလွှာကို ထည့်ပါမယ်။ ဒီပမာဏက အစားထိုးမစိုက်ခင်အထိ လုံလောက်ပါတယ်။ မြေဆီလွှာကို ဖိစရာမလိုပါဘူး။ ရေလောင်းတဲ့အခါမှာ မြေကြီးက အစေ့တွေနဲ့ အကုန်လုံး ကောင်းကောင်းထိတွေ့သွားအောင် ကူညီပေးပါလိမ့်မယ်။

.

နည်းလမ်း ၁ 

ပထမဆုံးနည်းလမ်းကတော့ စတော်ဘယ်ရီ အလွှာလေးတွေကို မြေပေါ်မှာ တိုက်ရိုက်တင်လိုက်ရုံပါပဲ။ ဒါကြောင့်လည်း အလွှာပေါ်မှာ အသားနည်းနိုင်သမျှနည်းအောင် ခြစ်ယူဖို့ အရေးကြီးပါတယ်။ ဒီလိုနည်းနဲ့ စိုက်ပျိုးတဲ့အခါ မှိုတွေ ကြီးထွားလာနိုင်လို့ပါ။ ဒီနည်းလမ်းကို အရင်ဆုံး စိုက်ပျိုးပြီး ဘယ်လိုမျိုး အပင်ပေါက်လာမလဲဆိုတာကို ရလဒ်တွေအားလုံးနဲ့ ယှဥ်ပြီး ကြည့်ပါမယ်။ ဒီလိုတင်လိုက်ပြီးရင် အပေါ်ကနေ ထပ်မဖုံးပါဘူး။ မျိုးစေ့ အပင်ပေါက်ဖို့ လိုအပ်တဲ့ အစိုဓာတ်ကို ပျိုးခုံရဲ့အဖုံးကို လုံအောင်ပိတ်ထားခြင်းကနေ ရရှိပါလိမ့်မယ်။ ဒီနည်းလမ်းကို နည်းလမ်း ၁ လို့ ခေါ်ပါမယ်။

.

နည်းလမ်း ၂ 

ဒုတိယနည်းလမ်းအတွက်တော့ စတော်ဘယ်ရီအသားတွေကို အရင်ဆုံး အခြောက်ခံရပါမယ်။ အစေ့လေးတွေ တစ်ခုချင်းစီ ခွာယူနိုင်ဖို့အတွက်ပေါ့။ ဒီအတွက် ဖယောင်းစက္ကူကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။ အခြောက်မြန်အောင်လို့ စတော်ဘယ်ရီအလွှာလေးတွေကို အသားပိုင်းက အပေါ်ကို ရောက်နေအောင် မှောက်ထားပါ။ ဆောင်းရာသီမှာဆိုရင် မီးဖိုဘေးမှာထားရင် ပိုပြီး မြန်မြန်ခြောက်ပါလိမ့်မယ်။ အခြောက်ခံပြီးတဲ့အခါမှာ ဒီအလွှာလေးတွေကနေ အစေ့တွေကို ဓားနဲ့ အလွယ်တကူ ဖယ်ထုတ်လို့ ရပါတယ်။

.

အစေ့တွေ အားလုံးကို ဖယ်ထုတ်ပြီးရင် လက်နဲ့ ချေလိုက်ပါ။ ကောင်းကောင်းမှုန့်သွားပြီဆိုရင် အဲ့ဒီအမှုန့်တွေကို ပျိုးခုံတစ်ခုထဲမှာ ဖြန့်ပြီးတင်လိုက်ပါ။ အပေါ်ကနေ ထပ်မဖုံးဘဲ အဖုံးကို ပိတ်ပြီး ဒါကို နည်းလမ်း ၂ လို့ ခေါ်ပါမယ်။

နည်းလမ်း ၃ 

တတိယနည်းလမ်းကတော့ စတော်ဘယ်ရီသီးတွေကို ရေထဲမှာ တိုက်ရိုက်ထည့်ပြီး ကြိတ်ခြေတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက မှိုတက်နိုင်ခြေကို လျှော့ချပေးပါတယ်။ စတော်ဘယ်ရီ အသားတွေကို အမြစ်ပေါက်လာအောင် အသုံးချဖို့အတွက် ရေထဲကို တိုက်ရိုက်ထည့်လိုက်ပါ။ ပြီးတော့ Hand Blender နဲ့ ကြိတ်ပါမယ်။ အစေ့တွေ မကျိုးသွားအောင် အရှိန်နဲ့ ဆက်တိုက်မကြိတ်ဘဲ ခဏခဏ ဖိလိုက်၊ လွှတ်လိုက် လုပ်ရပါမယ်။ ဒါမှ အစေ့တွေက အောက်ကိုကျပြီး အသားတွေနဲ့ ရေတွေက အပေါ်မှာ ကျန်ခဲ့မှာပါ။ အပေါ်က အသားနဲ့ ရေတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီး အောက်မှာ ကျန်ခဲ့တဲ့ အစေ့တွေကို သန့်စင်အောင်လုပ်ဖို့အတွက် ရေထပ်ထည့်လိုက်ပါ။ အဲဒီအခါမှာ အစေ့တွေက အသားတွေ လုံးဝကင်းစင်သွားပြီး သန့်ရှင်းနေပါလိမ့်မယ်။ ဒီအစေ့တွေကို ပျိုးခုံပေါ် ဖြန့်ပြီးတင်လိုက်ပါ။ ဒါကိုတော့ နည်းလမ်း ၃ လို့ ခေါ်ပါမယ်။

.

အပင်ပေါက်ရန် စတင်ရေလောင်းခြင်း

အခု စိုက်ပျိုးနည်း (၃) မျိုးစလုံးကို ရေတစ်ကြိမ်ပဲ လောင်းပါမယ်။ မြေဆီလွှာရဲ့ ၁ စင်တီမီတာလောက်အထိ ရေစိုသွားရပါမယ်။ ပြီးရင် ပျိုးခုံတွေကို အဖုံးလုံအောင် ပိတ်ပြီး အလင်းရောင်ရပြီး နွေးတဲ့နေရာမှာ ထားပါမယ်။ အပင်တွေ စပေါက်လာတဲ့အထိ စောင့်ကြည့်ပါမယ်။

.

၂ ရက်မြောက်နေ့မှာ ပျိုးခုံတွေရဲ့ အခြေအနေ

ပျိုးခုံ (၁) ကို ကြည့်ရင် စတော်ဘယ်ရီ အလွှာလေးတွေက အနီရောင်ကနေ ပိုပြီး အရောင်ဖျော့လာတာကို တွေ့ရပါမယ်။ ဒါက မှိုတွေက အောက်ကနေစပြီး ကြီးထွားလာလို့ပါ။ မြေဆီလွှာနဲ့ ထိတွေ့နေတဲ့ အသားအားလုံးကို မှိုတွေက စားလိုက်တာပါ။ ပိုပြီး နီးနီးကပ်ကပ် ကြည့်လိုက်မယ်ဆိုရင် မှိုတွေရဲ့ hyphae (မှိုမျှင်) တွေကို စတင်တွေ့လာရပါမယ်။ အဲ့ဒီ အသားတွေက နူးညံ့လာပြီး မှိုတွေက အသားတွေကို အချိန်ကြာလာတာနဲ့အမျှ ဖျက်ဆီးလိုက်ပြီး အစေ့တွေပဲ ကျန်ခဲ့ပါလိမ့်မယ်။ ဒီနည်းလမ်းက မှိုအများကြီး ပေါက်လာနိုင်ပါတယ်။

.

ပျိုးခုံ (၂) မှာတော့ အခြောက်ခံပြီး ချေထားတဲ့ စတော်ဘယ်ရီ အမှုန့်တွေကြောင့် မှိုတွေ ပိုပြီး အများကြီး တက်တာကို တွေ့ရပါမယ်။ စတော်ဘယ်ရီအပိုင်းအစတွေက ရေဓာတ်ရလာတဲ့အခါ သကြားဓာတ်တွေ ထွက်လာပြီး မှိုတွေကို ပိုမိုပေါက်ပွားစေလို့ပါ။ ဒီနည်းလမ်းကလည်း အစေ့တော်တော်များများကို ပျက်စီးစေနိုင်ပါတယ်။ ဒါပေမဲ့ ပျိုးခုံထဲမှာ အစိုဓာတ်တွေ အများကြီး ထိန်းထားနိုင်ပြီး ဒါက မျိုးစေ့တွေ အပင်ပေါက်ဖို့အတွက် အရေးကြီးပါတယ်။

.

ပျိုးခုံ (၃) မှာတော့ (၂) ရက်ကြာပြီးနောက် မှိုတွေ ကြီးထွားလာတာ မရှိသလောက်ပါပဲ။ ဒါက အသားတွေကို ဖယ်ရှားလိုက်တဲ့အတွက် မှိုတွေကြီးထွားဖို့ လိုအပ်တဲ့ သကြားဓာတ်တွေ မရှိတော့လို့ပါပဲ။ ဆိုလိုတာကတော့ မှိုတွေ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ အစားအစာမရှိတဲ့အတွက် ထိန်းချုပ်ထားသလို ဖြစ်သွားတာပါ။ ဒီနည်းလမ်းက မျိုးစေ့တွေ အပင်ပေါက်ဖို့ ပိုပြီး အဆင်ပြေပါတယ်။

.

၈ ရက်မြောက်နေ့တွင် ပျိုးခုံများ၏ အခြေအနေ

၈ ရက်မြောက်နေ့မှာတော့ မှိုတွေက လုံးဝလျော့နည်းသွားပြီး အသားတွေကလည်း ပျက်စီးသွားပါပြီ။ နည်းလမ်း (၁) နဲ့ (၂) မှာ မျိုးစေ့တွေ အများအပြား သေသွားတာကို တွေ့ရပါမယ်။

.

၂ လခွဲကြာပြီးနောက် ပျိုးခုံများ၏ အခြေအနေ

စိုက်ပျိုးပြီး ၂ လခွဲလောက်ကြာတဲ့အခါ ပျိုးခုံ (၁) မှာ အပင်နည်းနည်းလေးပဲ ပေါက်တာကို တွေ့ရပါမယ်။ ဒါပေမဲ့ စတော်ဘယ်ရီမျိုးစေ့တွေဟာ တဖြည်းဖြည်းချင်း အပင်ပေါက်တာဖြစ်လို့ ဒီအပင်လေးတွေပဲ ပေါက်မယ်လို့ မဆိုလိုပါဘူး။ ပျိုးခုံကို ပြန်ပိတ်ပြီး အလင်းရောင်ရတဲ့ နေရာမှာ ဆက်ထားရင် ကျန်တဲ့မျိုးစေ့တွေ ဆက်ပေါက်လာပါလိမ့်မယ်။

ပျိုးခုံ (၂) မှာတော့ အပင်ပေါက်တာ ပိုပြီး နည်းပါတယ်။ ဒါကတော့ အစောပိုင်းမှာ မှိုတွေ အများကြီး ပေါက်ခဲ့လို့ပါပဲ။

ပျိုးခုံ (၃) ကို ကြည့်လိုက်ရင်တော့ ကွာခြားချက်ကို တွေ့ရပါမယ်။ အသားတွေ လုံးဝဖယ်ထားလို့ အပင်ပေါက်နှုန်း အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရပါမယ်။ မပေါက်သေးတဲ့ မျိုးစေ့လေးတွေကလည်း အဝါရောင်သန်းနေတာက နောက်ပိုင်းမှာ ဆက်ပေါက်နိုင်မယ့် လက္ခဏာဖြစ်ပါတယ်။

.

ပထမဆုံး စတော်ဘယ်ရီပင်လေးကို အစားထိုးစိုက်ပျိုးခြင်း

စတော်ဘယ်ရီပင်လေးမှာ အရွက်အစစ် (true leaves) ၂ ရွက် ပေါက်လာပြီဆိုရင် အစားထိုးစိုက်ပျိုးဖို့ အသင့်ဖြစ်ပါပြီ။ မြေဆီလွှာအတွက်တော့ အစောပိုင်းမှာပြောခဲ့သလို သစ်သားအပိုင်းအစလေးတွေ ပါတဲ့ မြေဆွေးကို သုံးပါမယ်။ ပျိုးပင်လေးက သေးသေးလေးဖြစ်လို့ အမြစ်တွေ မြေဆီလွှာထဲကို အလွယ်တကူ ဝင်ရောက်နိုင်အောင် အပိုင်းအစကြီးတွေ မပါတာ အကောင်းဆုံးပါပဲ။

.

ပျိုးပင်လေးကို မစိုက်ခင် မြေဆီလွှာကို ရေလောင်းပြီး အမြစ်ကို ရေဓာတ်ပြည့်ဝအောင် လုပ်ပေးပါ။ အစားထိုးစိုက်တဲ့အခါ လက်နဲ့ အရမ်းမဖိပါနဲ့။ ပင်လေးက အရမ်းသေးလို့ အမြစ်တွေကို မထိခိုက်အောင် ဂရုစိုက်ပါ။ ပြီးရင် ရေပြန်လောင်းပြီး အမြစ်တွေ မြေဆီလွှာနဲ့ ကောင်းကောင်း ထိတွေ့စေဖို့ လုပ်ပါ။

.

ပျိုးပင်လေးက အစိုဓာတ် ၁၀၀% လောက်ရှိတဲ့ ပျိုးခုံထဲကနေ လာတာဖြစ်လို့ ချက်ချင်း အပြင်မှာထားရင် ရေဓာတ်ခန်းခြောက်သွားနိုင်ပါတယ်။ ဒါကြောင့် ပျိုးပင်လေးကို ပလတ်စတစ်ဘူးလိုမျိုးနဲ့ အုပ်ထားပြီး အလင်းရောင်ရအောင် လုပ်ပေးပါ။ အပင်လေး ရင့်လာအောင် အဖုံးကို တစ်ခါတစ်ရံ ခဏလောက် ဖွင့်ပေးပြီးမှ ပြန်ပိတ်ပေးပါ။

ဒီဗီဒီယိုကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတွေလည်း စတော်ဘယ်ရီပင်တွေ အများကြီး စိုက်ပျိုးနိုင်ဖို့ ဝေမျှပေးလိုက်ပါဦး။

Previous Post Next Post