နောက်ထပ် နွားသေးပါတဲ့ မြေသြဇာတစ်ခုကတော့
(၄) စွမ်းထက်အီးအမ်ဖျော်ရည်
စွမ်းထက်အီးအမ် ဆိုသည်မှာ မိမိနေရာဒေသတွင်ရှိနေသည့် အကျိုးပြု အဏုဇီဝမိုက်ခရုပ်များ (အီးအမ်)ကို မွေးမြူ ပွားများ ရယူထားခြင်းဖြစ်သည်။ ဤနည်းစနစ်ကို ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများတွင် အများဆုံးအသုံးပြုကြပြီး ဤအရည်ကိုပက်ဖျန်းပေးလိုက်သည့်အခါ သီးနှံစိုက်ခင်းများပိုမိုဖြစ်ထွန်းလာပြီး အထွက်နှုန်းများ များစွာတိုးလာမှုကြောင့် စွမ်းထက် ဇီဝဆေးရည် (Jiv Amrit) ဟုခေါ်ကြသည်။
#LGTmyanmar , #BBKmyanmar
.
ပါဝင်သောပစ္စည်းများ
နှုန်းထား အနည်းငယ်အချိုး
(၁) ဝါးရုံပင် (သစ်ပင်) အောက်မှမြေကြီး ၅ ကျပ်သား
(၂) နွား (ကျွဲ) သေးလတ်လတ်ဆတ်ဆတ် ၁ လီတာ(ရေသန့်ဗူး ၁ ဗူး)
(၃) နွား (ကျွဲ) ချေးလတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား
(၄) ပဲမှုန့်အစိမ်း (မည်သည့်ပဲမဆို) ၁၅ ကျပ်သား
(၅) ထန်းလျက် ၁၅ ကျပ်သား
(၆) ရေ ၄.၅ ဂါလံ
(၇) ငါးဂါလံခန့်ဆန့်သည့် မြေအိုး၊ စဉ့်အိုး၊ သို့မဟုတ် ပလတ်စတစ်ပုံး
(ရနိုင်မည်ဆိုပါက မြေအိုး၊ စဉ့်အိုးစသည်တို့က ပိုမိုကောင်းမွန်သည်)
.
၁။ ဝါးရုံပင် (သစ်ပင်) အောက်မှ မြေကြီးကိုယူရာတွင် မြေကြီးအပေါ်ယံမှအမှိုက်များကို ဖယ်ရှားသန့်စင်ပစ်ပြီး မြေသားစစ်စစ်ကို ငါးကျပ်သား တူးယူရသည်။ မြေဆီဩဇာဓာတ်ပြည့်ဝနေသည့် ဤမြေကြီးထဲတွင် မြောက်များလှစွာသော အကျိုးပြုအဏုဇီဝမိုက်ခရုပ်သက်ရှိလေးများ ပါဝင်နေကြပြီး ဤနေရာဒေသတွင် ရှင်သန်ပွားများ၍ ဤနေရာဒေသနှင့်သဟဇာတဖြစ်နေကြသည့် မိုက်ခရုပ်သက်ရှိများ ဖြစ်ကြသည်။ ထို့ကြောင့် ဒေသတွင်းအီးအမ်ဖျော်ရည် IMO - Indigenous Microorganism ဟုလည်းခေါ်ဆိုကြသည်။
.
၂။မြေကြီးများကို လေးဂါလံခွဲထဲမှရေအချို့နှင့်ဆေးကြောပြီး ပါလာနိုင်သည့် အမှိုက်များကိုဖယ်ပစ်ပေးပါ။ ရေ ၄.၅ ဂါလံထဲမှရေအချို့ နှင့် နွားချေးများကိုဖျော်၍ အမှိုက်များကိုဆယ်ယူပစ်ပါ။ အမှိုက်များပါသွားပါက ဖျော်ရည်ပုပ်သွားတတ်သည်။
၃။ ထန်းလျက်ကို ရေအချို့ နှင့်မီးပေါ်တွင်ကျိုပေးထားပါ။
၄။ ပဲမှုန့်ကိုလည်း ရေအချို့နှင့် ဖြည်းဖြည်းချင်းဖျော်၍ ထားပါ။
၅။ ဖျော်ထားသည်များအားလုံးကို ပုံးထဲသို့ရောစပ်ထည့်ပေးပြီး နွားသေးတစ်လီတာကိုပါ ထည့်ပေးလိုက်ပါ။
၆။ အားလုံးကိုနှံ့စပ်သွားအောင်မွှေပေးပါ။
.
နွားသေးရရှိမှုပမာဏအပေါ်မူတည်ပြီး ကျန်ပစ္စည်းများကို အချိုးနှုန်းပြောင်း၍ ရောစပ်ပါ။ ရေအိုးကို ဆန်ကောဗန်းကြီးဖြင့်ဖုံးအုပ်ပြီး ဗန်းပေါ်မှ အဝတ်ပိတ်စဖြင့်ဖုံးကာ နှုတ်ခမ်းသားပတ်ပတ်လည်ကို ကြိုးဖြင့်ချည်နှောင်ထားပေးပါ။ ယင်ကောင်လုံးဝမနားပါစေနှင့်။ ယင်နားပါက လောက်တက်လာပါလိမ့်မည်။ဖျော်ရည်အိုးကို အရိပ်ထဲတွင်ထားပြီး တစ်နေ့တစ်ကြိမ်မွှေပေးပါ။ ဖျော်ပြီးနောက်ရက်တွင် ဖျော်ရည်၏ အပေါ်ယံမျက်နှာပြင်၌ မှိုမျှင်များယှက်သန်းလာသည်ကိုတွေ့ မြင်ရသည်။ နှစ်ရက်သုံးရက်ခန့်ကြာပါက မျက်နှာပြင်တွင်မှိုမျှင်များပိုမိုယှက်သန်းလာပြီး တစ်ပတ်ခန့်ရှိလျှင် အိုးကြီး၏မျက်နှာပြင်အပြည့် မှိုမျှင်ပေါင်းစုံဖုံးလွှမ်းသွားသည်။
.
မျက်စိဖြင့်မမြင်နိုင်သည့် အခြားသော မိုက်ခရုပ်သက်ရှိပေါင်းများစွာတို့လည်း ပေါက်ပွား ပွားများနေကြသည်။ အကျိုးပြု မိုက်ခရုပ်သက်ရှိ (အီးအမ်)အမျိုးအစားပေါင်း (၇၅,၀၀၀) ကျော်ပေါက်ပွားနေကြသည်ဟု သုတေသနများကဖော်ပြကြသည်။ မြေကြီးထဲတွင်ပါလာသည့် မိုက်ခရုပ်သက်ရှိပေါင်းစုံကို နွားသေး-နွားချေး-ပဲမှုန့်- ထန်းလျက် စသည့် ပွားစာများထဲတွင် မွေးမြူ၍ ပွားများအောင်ပြုလုပ်ပေးခြင်းဖြစ်သည်။ ဖျော်ရည်သည် ဝါညိုရောင်ပြောင်းလာပြီး ကစော်နံ့သင်းလာသည်။ ကစော်နံ့မထွက်ဘဲ အပုပ်နံ့ထွက်ပါက လုပ်ဆောင်မှုမအောင်မြင်၍ သုံးစွဲရန်မသင့်ပါ။ ပြုလုပ်ပြီး (၇ မှ ၁၀) ရက်အတွင်း ကုန်အောင်အသုံးပြုနိုင်ပါက ပိုမိုအစွမ်းထက်သည်။ ထိုထက်ကျော်လွန်သွားပါက မိုက်ခရုပ်သက်ရှိလေးများ တဖြည်းဖြည်းနှင့် သေဆုံးကုန်တတ်ကြသည်။
.
စွမ်းထက်ဇီဝဖျော်ရည် (သို့) ဒေသတွင်း အီးအမ်(IMO)
.
၁။ မြေကြီး ၃၀ ကျပ်သား
(ဝါးရုံပင်အောက်)
၂။ နွားသေး ၆ လီတာ
၃။ နွားချေး ၃ ပိသာ
၄။ ထန်းလျက် ၉၀ သား
၅။ ပဲမှုန့်အစိမ်း ၉၀ သား
၆။ ရေ ၂၇ ဂါလံ
ဖျော်စပ်နည်း။
အသုံးပြုပုံ
စွမ်းထက်အီးအမ်ဆေးရည်ကို သူ့ချည်းသက်သက် အပင်ပေါ်သို့ ရေဖျန်းပုံးဖြင့်ဖြစ်စေ ဆေးဖျန်းပုံးဖြင့်ဖြစ်စေ တိုက်ရိုက်ပက်ဖျန်းနိုင်သည်။ အပင်ကိုမလောင်စေပါ။ ဆေးရည်ကိုစစ်ပြီးမှ ဆေးဖျန်းပုံးထဲသို့ထည့်ပေးရသည်။ရေရော၍ပက်ဖျန်းလိုပါက ဆေးဖျန်းပုံးတစ်ပုံးတွင် တစ်လီတာနှုန်းရော၍ပက်ဖျန်းပါ။ မြေပြင်ချိန်မှစတင်ပြီး သီးနှံစိုက်ပျိုးတစ်ရာသီတွင် ခြောက်ကြိမ်အထိ ပက်ဖျန်းပေးနိုင်သည်။ နွားတစ်ကောင်မှ တစ်နှစ်စာရရှိသည့်နွားသေးနှင့်နွားချေးသည် စွမ်းထက်အီးအမ်ဆေးရည် ဧကသုံးဆယ်စာ ဖျော်စပ်ရန်လုံလောက်သည်။
.
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အီးအမ်ဆေးရည်သည် အာဟာရဖျော်ရည်မဟုတ်ပါ။ အရည်ထဲတွင်အကျိုးပြုအဏုဇီဝမိုက်ခရုပ်(အီးအမ်) အမျိုးအစားပေါင်း (၇၅,၀၀၀) ကျော် ပွားများနေကြပြီး ဤမိုက်ခရုပ်များက မြေကြီး၏ သဘာဝဂေဟစနစ်နှင့် မြေဆီဩဇာဓာတ်တို့ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးကြသည်။ အခြားနေရာများမှဝယ်ယူသုံးစွဲရသည့်အီးအမ်ထက် ကိုယ်တိုင် ကိုယ့်အိမ်မှာတင်လုပ်သည့်ယခုအီးအမ်က ပိုမိုစိတ်ချရသည်။ အီးအမ်ကိုအခြားနေရာများမှ ဈေးကြီးပေး၍ဝယ်ယူရန်မလိုတော့ပေ။ သီးနှံပင်များအတွက် အာဟာရဓာတ်များနှင့် သတ္တုဓာတ်များသည် မြေကြီးထဲတွင် အများအပြားရှိနေကြသည်။
.
မြေကြီးထဲတွင် သဘာဝအတိုင်းရှိနေကြသည့် ဤစွမ်းထက်အီးအမ်ဇီဝဆေးရည်ကို (၂) နှစ်ဆက်တိုက် အသုံးပြုပြီးပါက နောင်နှစ်များတွင် အခြားမည်သည့်မြေဩဇာများကိုမှ ထည့်သွင်းရန်မလိုတော့ကြောင်း သုတေသနစစ်တမ်းများက ဖော်ပြကြသည်။ ရွှေဘိုခရိုင် တန့်ဆည်မြို့မှ ဦးမျိုးဝင်း၏ ကြပ်တီးကုန်းမြေများသည် စွမ်းထက် ဇီဝဆေးရည်များ ပက်ဖျန်းအသုံးပြုပြီးသည့်နောက် မြေကြီး၏ရုပ်ဂုဏ်သတ္တိများ ပြောင်းလာကာ မြေဆီလွှာ ပိုမိုထက်သန်လာသည်ကို တွေ့ ရှိခဲ့ရသည်။