ဖရဲ စိုက်ပျိုးနည်း
- မြန်မာအမည် - ဖရဲ
- အင်္ဂလိပ်အမည် - Water melon
- ရုက္ခဗေဒအမည် - Citrullus vulgaris
- မျိုးရင်းအမည် - Cucurbitaceae
.#LGTmyanmar, #BBKmyanmar,
ပျိုးထောင်ခြင်း
- သဲနှုန်းမြေဆွေး (၅)အိတ်
- နွားချေးဆွေး (၁)အိတ်
- စက်ဖွဲပြာ(၃)အိတ်
- တီစူပါ နို့ဆီဗူး(၁)ဗူးတို့ကို ဇကာချပြီး သမအောင် ရောစပ်ပါ။
.
မျိုးစေ့နှုန်း
- ၁ ဧက အတွက် မျိုးစေ့ (၂၀) ဂရမ် (၄) ထုပ် လိုအပ်ပါတယ်။
- ၁ ထုပ်လျှင် မျိုးစေ့ (၅၀၀) ပါဝင်ပါသည်။
.
မြေယာပြုပြင်ခြင်း
- ထယ်ရေးနက်နက်နှင့် ညက်ညက်ရစေရန် (၃)သွား ထယ်တစ်စပ်၊ (၁၆) သွားထွန်နှစ်စပ်ဝင်၍ မြေပြင်ပါသည်။ - ဖရဲတစ်ဧကစိုက်ပျိုးရန်အတွက် မြေပြုပြင်ရာတွင်
- ကွန်ပေါင်းမြေဩဇာ(၁၅ : ၁၅ : ၁၅) ပတ်လည် (၄)အိတ် ၊
- ကြက်ချေးဆွေး (၅ဝ) အိတ်ကို မြေခံအဖြစ် ထည့်သွင်းပြီး ဘောင်ဆွဲပါသည်။
- စိုက်ဘောင်ကို နှစ်ဘောင်တဲ့ ဘောင်များဆွဲရပါမည်။ နှစ်ဘောင်တွဲဘောင် တစ်ဘောင်နှင့် တစ်ဘောင် အကွာအဝေး (၂၀ပေ)ထားပါသည်။ ဘောင်အမြင့်ကို (၁ပေခွဲ)၊ ထားပြီး နှစ်ဘောင်တွဲဘောင်တွင် တစ်တန်းနှင့် တစ်တန်း အကွာအဝေးကို (၁ပေ)ထားပါသည်။
- စိုက်ဘောင်များကို အစိုဓါတ်ထိန်းရန်၊ ပေါင်းမြက်ပေါက် ရောက်မှု ကာကွယ်ရန် ပလတ်စတစ် အမဲရောင် ဖုံးအုပ် ပေးပါသည်။ စိုက်ဘောင်များကို အပင်မစိုက်မီ (၁၀)ရက် ခန့် ကြိုတင်ပြုလုပ်ထား ရပါသည်။
.
စိုက်ပျိုးခြင်း
ပျိုးသက်(၇)ရက်သားတွင် တစ်ပင်နှင့် တစ်ပင်နှစ်ပေ ခွဲခြား၍ စိုက်ပျိုးပါသည်။ တစ်ဧကလျှင် အပင်ဦးရေ (၁၆၀၀)ပင် ဝင်ဆန့်ပါသည်။
.
စိုက်ခင်းပြုစုခြင်း
ပျိုးပင်များစိုက်ပျိုးပြီး တစ်ပတ်အတွင်း အညွန့်များရှည် ထွက်မလာမီ စိုက်ဘောင် (slope) ဆွဲပေးရပါသည်။ အညွန့် များ ပြေးအားနှင့် ကုတ်အားကောင်းစေရန် (slope) ပေါ်တွင် ကိုင်းမြက်ခြောက် ခပ်ပါးပါးခင်းပေးသင့် ပါသည်။
.
မြေဩဇာကျွေးခြင်း
- အပင်များစိုက်ပျိုးပြီး (၅)ရက်အကြာတွင် အစာဖျော်ရည်အား အပင်ခြေတွင် လောင်းပေးပါ။
- အစာဖျော်ရည်လောင်း ရာတွင် ပထမအကြိမ်အဖြစ် ရေဂါလန်(၅၀)တွင် ယူရီးယား (၅၀)ကျပ်သားနှင့် တီစူပါ (၁)ပိဿာနှုန်း ရောစပ်ပြီး တစ်ပင် လျှင် နို့ဆီဗူး(၁)ဗူးနှုန်း လောင်းပေးပါသည်။
- ဒုတိယအကြိမ်တွင် ရေဂါလန် (၅ဝ)၊ ယူရီးယား (၁)ပိဿာ နှင့် တီစူပါ (၂)ပိဿာနှုန်း ရောစပ်ပြီး တစ်ပင်လျှင် နို့ဆီဗူး (၁) ဗူး နှုန်း ဖြင့် (၅)ရက်စီခြား၍ လောင်းပေးပါသည်။
- အစာဖျော်ရည် ကို ဒုတိယအကြိမ် ဖျော်သည့် နှုန်းထားအတိုင်း (၅)ရက်စီ ခြားကာ အပင်သက်တမ်း (၄ဝ-၄၅)ရက်သားအထိ လောင်း ပေးပါသည်။
.
ဝတ်မှုန်ကူးခြင်း
အပင်သက်တမ်း (၂၅-၃၀)ရက်သားတွင် အသီး ပုံသဏ္ဍာန်မှန်၍ ကြီးထွားနှုန်း ကောင်းစေရန် ဝတ်မှုန်ကူးပေးရပါသည်။ ဝတ်မှုန်ကူးခြင်းကို နံနက်ပိုင်း (၇း၀၀) နာရီမှ (၁ဝးဝဝ)နာရီ အတွင်း ပြုလုပ်ပေးရပါသည်။
.
ရွက်ဖျန်းမြေဩဇာကျွေးခြင်း
ဝတ်မှုန်မကူးခင် အချိန်အထိ နိုက်ထရိုဂျင် များသော ရွက်ဖျန်းအားဆေးကို ရေ(၁)ဂါလန်လျှင် (၁၀)စီစီနှုန်း ဖြင့် ပက်ဖျန်းပေးပါသည်။ ဝတ်မှုန်ကူးပြီး (၇)ရက် အကြာတွင် အသီးများ ကြီးထွားနှုန်းကောင်းစေရန် ဖော့စဖိတ်နှင့် ပိုတက်စီယမ်များသော ရွက်ဖျန်းအားဆေးကို ရေ(၁)ဂါလန် လျှင် (၁၀)စီစီနှုန်းဖြင့် ရောစပ် ပက်ဖျန်းပေးပါသည်။ ရွက်ဖျန်းအားဆေးများကို (၇)ရက်လျှင် တစ်ကြိမ် ပိုးသတ် ဆေး၊ မှိုသတ်ဆေးများနှင့် ရောစပ် ပက်ဖျန်းပေးပါသည်။
.
ပိုးသတ်ဆေး မှိုသတ်ဆေးအသုံးပြုခြင်း
ဖန်သိုအိတ် (၁၀) စီစီနှင့် မီသိုမှိုင်း (၁၀)စီစီကို ရေ(၁)ဂါလန်တွင် ရောစပ်ပြီး ပိုးမွှားရောဂါ ကျရောက်မှုအပေါ်မူတည်ပြီး ကာကွယ်ပက်ဖျန်းပါသည်။
.
အသီးယူခြင်း
ဝတ်မှုန်ကူးပြီး (၁၀-၁၄)ရက်အတွင်း တစ်ပင်လျှင် အသီးတစ်လုံးသာထားပြီး ကျန်အသီးအားလုံး ချွေပေးကာ အသီးယူခြင်း (အသီးဖမ်းခြင်း) ပြုလုပ်ပါသည်။
.
ရေပေးသွင်းခြင်း
ရေပေးသွင်းခြင်းကို တစ်ပတ်ခြားလျှင် တစ်ကြိမ် မြေပေါ်မြောင်းအတိုင်း စိုက်ဘောင်နှစ်ဘောင် အတွင်းလုံလောက်သော အစိုဓါတ်ရသည်အထိ ပေးသွင်းပါသည်။
.
အဓိကကျရောက်သောပိုးမွှားရောဂါများ
ရောဂါများ
- ဒေါင်နီးမှိုရောဂါ
- ပင်ညှိုးပင်သေရောဂါ
ပိုးမွှားများ
- လှေးပိုး
- ပျ
- ပုရစ်
- ဖိုးလမင်းကျိုင်း
အသီးများ ခူးဆွတ်ခြင်း
အသီးခူးဆွတ်ခြင်းကို အပင်သက်တမ်း (၂လခွဲ) နှင့် (၃)လသားတွင် ဈေးကွက်ပေါ် မူတည် ခူးဆွတ်ပါသည်။
source : စိုက်ပျိုးဦးစီး