ကြက်သွန်နီမျိုးများ
ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံးနှင့် မင်းတုံးဥမွှာမျိုးတို့ ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်သည်။
.
မြေအမျိုးအစား
အစိုဓါတ်ရှိသော မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ အလွန်ချဉ်သောမြေကို မနှစ်သက်သဖြင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းသည်။ ကြိုက်နှစ်သက်သော မြေအချဉ်အငံဓါတ်မှာ (၆-၇)ထိဖြစ်ပါသည်။
မြစ်ကမ်းနားမှာ စိုက်မယ်ဆိုရင် ရေရရှိဖို့အတွက် ပူစရာမလိုပါဘူး။ အလွယ်တကူ ရေလွှမ်းမိုးနိုင်တဲ့ နေရာမျိုးကို ရှောင်ပါ။ စပါးခင်းစိုက်ထားတဲ့ နေရာမှာ စိုက်နိုင်ပေမယ့် ရေစီးဆင်းမှုမရှိတဲ့ ရေသေဆိုရင် စိုက်ပျိုးဖြစ်ထွန်းမှုမရှိပါဘူး။
မြေပြန့် သို့ တောင်ကုန်းတွေမှာလဲ စိုက်နိုင်ပါတယ်။ ပြောင်းဖူးခင်း ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ခင်းတွေမှာ စိုက်နိုင်ပေမယ့် သစ်ပင်နှင့် မြက်မရှိတဲ့ အခင်းဖြစ်ဖို့တော့ လိုပါတယ်။
.
ရာသီဥတု
အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မျိုးစေ့ မစိုက်ခင် မြေသားကိုထွန်ယက်ထားပြီးနေရောင်ခြည်ရရှိထားဖို့ လိုပါတယ်။ အပင်ကြီးထွားချိန်တွင် (၂၀°-၂၁°)စင်တီဂရိတ်နှင့်ကြက်သွန်ဥဖြစ်ပေါ်ချိန်တွင်(၂၀°-၂၇°)စင်တီဂရိတ်နှင့်နေ့တာရှည်ရန် လိုအပ်သည်။သာမာန်အားဖြင့်အပူချိန်အသင့်အတင့်မြင့်ပြီးနေ့တာရှည်ပါကဥဖြစ်ပေါ်မှုကို အားပေးသည်။အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။(၁၀° - ၁၆° )စင်တီဂရိတ်တွင်နေ့တာ(၉နာရီ မှ ၁၂နာရီ) ရရှိပါကပန်းပွင့်၍ အစေ့တည်စေသည်။
မြေဆီလွှာကို အခြောက်လှန်းခြင်းနှင့် ထွန်ယက်ခြင်းများသည် မြေဆီလွှာအရည်အသွေးကို မြှင့်တင်ပေးခြင်း၊ သဘာဝဒြပ်စင်များ ပေါင်းစည်းခြင်းကို မြှင့်တင်ပေးပြီး မြေဆီလွှာ ကောင်းမွန်တိုးတက်စေသည့် ထိရောက်သော စိုက်ပျိုးရေးအလေ့အကျင့်များ ဖြစ်ပါသည်။ ပိုးမွှားများကို ထိန်းချုပ်ခြင်း၊ မြေဆီလွှာတည်ဆောက်ပုံ ပိုမိုကောင်းမွန်စေခြင်း၊ အာဟာရရရှိနိုင်မှု တိုးမြင့်လာစေခြင်းနှင့် ရောဂါပိုးမွှားများ၏ ကာကွယ်ပေးနိုင်ပါတယ်။
.
မျိုးနှုန်း
တစ်ဧကအတွက်ပျိုးထောင်ရန် တစ်ပြည်လျှင် အလေးချိန်(၇၅-၈၀) ကျပ်သားရှိသည့် မျိုးစေ့(၂-၄) ပြည်ခန့်လိုပါသည်။
.
မြေသြဇာနှုန်းထား
တစ်ဧကနှုန်း
သဘာဝမြေသြဇာ (၁၀)တန်
ယူရီးယား (၅၀)ကီလိုဝင် (၂)အိတ်
တီစူပါ (၅၀)ကီလိုဝင် (၂)အိတ်
ပိုတက် (၅၀)ကီလိုဝင် (၁)အိတ်
ယူရီးယားမှလွဲ၍ကျန်မြေသြဇာများကိုမြေပြင်ချိန်တွင်ထည့်သွင်းပါ။ယူရီးယားကိုပျိုးပင်များပြောင်း စိုက်ချိန်တွင်တစ်ဝက်နှင့်ကျန်တစ်ဝက်ကိုစိုက်ပြီးတစ်လအကြာတွင် ထည့်ပေးရမည်။
.
ပျိုးထောင်ခြင်း
ပထမဆုံး မစိုက်ခင် ပျိုးခင်းကို ရေပေးခြင်းဖြင့် မြေကိုပျော့ပြောင်းစေပြီး မြေဆီလွှာမှ ပေါက်ဖွားလာတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးပါတယ်
ကြက်သွန်နီ တစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅)ဧကအရွယ်ရှိရမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍ လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်းစိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်စိုက်သင့်သည်။စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းဖြင့်ပြန်လည်ဖုံးအုပ်ပေးပါ။ အောက်တိုဘာလ မှနိုဝင်ဘာလလယ်ထိ ပျိုးထောင်နိုင်သည်။ မျိုးစေ့များ အညှောင့်ပေါက်ညီညာစေရန် ကောက်ရိုး ၊မြက်ခြောက် များဖြင့်ဖုံးအုပ်ပေးရမည်။ (၃×၁၈)ပေဘောင်အတွက် တစ်ဧကလျှင် မျိုးစေ့နို့ဆီဘူး(၁)ဘူး လိုအပ်ပါသည်။ ပျိုးသက်(၁)လခန့်ရှိလျှင်(၃×၁၈)ပေအရွယ် ပျိုးဘောင်တစ်ဘောင်လျှင် ယူရီးယားနို့ဆီဘူး(၂)ဘူးထည့်ပေးရမည်။
.
မြေပြုပြင်ခြင်း
ပြောင်းရွှေ့စိုက်ပျိုးချိန်မှစ၍ ကြီးထွားမှုနည်းသောသီးနှံဖြစ်သည့်အတွက် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံးပျက်စီးတတ်သည်။ ပေါင်းမြက်ကြိုတင်နှိမ်နင်းရန်အတွက် ထယ်အကြိမ် ကြိမ်ထိုးရသည်။ထယ်ရေးပြီး ကထွန်ရေးနက်နက်ထွန်၍ ကြမ်းရိုက်ပြီး မိမိစိုက်လိုသော နည်းစနစ်အတိုင်း ပြုပြင်ရမည်။ ဘောင်စနစ်ဖြင့်လည်းကောင်းကန်သင်းဖော်၍လည်းကောင်း စိုက်ပျိုးကြသည်။
.
စိုက်ပျိုးခြင်း
(က) ကြက်သွန်မျိုးဥ ဥသေးမှစိုက်ပျိုးခြင်း
( ခ ) ဇော်မွှားအသေးစိုက်ပျိုးခြင်း
( ဂ ) အစေ့မှ ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးခြင်းတို့ဖြစ်ပါသည်။
စိုက်ခင်းအားမြေပြင်ပြီးပါက (၂)ပေအကျယ် ထယ်ကြောင်းဖော်ပြီး ဘောင်ပြုလုပ်ပေးရပါသည်။ ထယ်ကြောင်းထဲတွင်ကျနေသော မြေစာများကိုဂေါ်ဖြင့်ကော်၍ ဘောင်တင်ပေးရပါသည်။ ကန်သင်းဖော်၍ စိုက်မည်ဆိုပါက(၉×၆)ပေကျင်းများ(သို့) (၆×၆)ပေကျင်းများဖွဲ့ရသည်။ ဤစနစ်သည် ရေသွင်းစိုက်စနစ်ဖြစ်သည့်အတွက် ရေသွင်းမြောင်းများကို (၂)ကျင်းကျော် (၁)မြောင်းဖောက်ပေးပါ။ ပင်ကြား၊တန်းကြားအကွာအဝေးမှာ (၃×၄)လက်မဖြစ်ပါသည်။ တစ်ဧကအပင်ဦးရေ (၂)သိန်းခွဲမှ (၃)သိန်းဝင်အောင် စိုက်ပျိုးရပါမည်။
.
အပင်ပြုစုခြင်း
အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ကြက်သွန်အမြစ်သည် မြေအပေါ်ယံတွင်သာရှိ၍ သံစည်ပတ်ပြားကိုကွေး၍ လက်ကိုင်တပ်ထားသော ခြစ်ဖြင့်ပေါင်းရှင်းကြသည်။ အရွက်များ စတင်ကျချိန်တွင် ပေါင်းရှင်းရန် မလိုအပ်တော့ပါ။ မြေအလွန် ကြပ်နေပါက နွားချေးမြေဆွေး၊ ထပ်မံထည့်ပေးပါ။ ကြက်သွန်ပန်းဖူးများကို အပတ်စဉ်ချိုးပေးပါ။
.
ရေသွင်းခြင်း
ကောက်ရိုးတွေ ဖုံးအုပ်ခြင်းဖြင့် မြေသားရဲ့ စိုထိုင်းဆထိန်းပေးထားနိုင်သလို အစေ့ကနေ အညှောင့်ပေါက်ဖို့ ကူညီပေးပါတယ်။ပထမဆုံးအကြိမ် မြေပြင် အစေ့ပျိုးပြီးပြီဆိုရင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် (၇)ရက်ရေလောင်းပါ။ ပြည့်သွားရင် ကောက်ရိုးတွေကို ဖယ်လိုက်ပါ။ ဒီလိုလုပ်တာက ၇၀ ရာခိုင်နှုန်း အပင်ပေါက်လာဖို့ ကူညီပေးပါတယ်။ ပြီးတဲ့နောက် ၁၅ ရက်ကြာ ရေဖြန်းပါ။ ပြီးတဲ့နောက် ထွန်ရိုးတစ်လျောက် ဆည်မြောင်းငယ် ကိုတော့ ရေပေးပါ။
ကြက်သွန်ခင်းသည် မစိုလွန်း၊မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန်လိုသည်။ ရေသွင်းချိန် ရောက်မရောက်ကို ကြက်သွန်ပင် အခြေအနေကို ကြည့်၍သိနိုင်သည်။ ကြက်သွန်ပင် ရေငတ်ပါက အရွက်များပြာမှိုင်းပြီး နွမ်းခွေလာသည်။ မြေအလွန်ခြောက်အောင်ထားပြီး ရေသွင်းပါက ကြက်သွန်အခွံ အက်ကွဲတက်သည်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရသည်။ ရာသီပူပြင်းပါက (၄-၅) ရက်ခြားတစ်ကြိမ် ရေပေးသွင်းရန်လိုသည်။ အရွက်များ စတင်ကျချိန်တွင် ရေပေးသွင်းခြင်းကို ရပ်လိုက်ရမည်။ မြေအစိုဓါတ် အနည်းအများပေါ် မူတည်ပြီးရေသွင်းချိန်(၅)ကြိမ်မှ (၈)ကြိမ်ထိရှိရပါမည်။
.
ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း
(က)သရစ်ပိုးနှင့်ပျပိုး
ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းပါ။
(ခ) ကြက်သွန်ဒေါင်းနီးမှိုရောဂါ
ရောဂါကျရောက်ပါက မန်ကိုဇက်ဘ်(Mancozeb)0.5%ကို (၃)ကြိမ်ပက်ဖျန်းပါ။ ပြောင်းရွှေ့စိုက်ပြီးရက်(၂၀) နောက်ပိုင်းတွင် စတင်ပက်ဖျန်းပြီး(၁၀-၁၂) ရက်ကြား တစ်ကြိမ်ဖျန်းပါ။ စိုက်ခင်းတွင် ဆိုးဝါးစွာ ကျရောက်တတ်သည်။မိုးအုံ့ပြီး လေထုတွင် စိုထိုင်းဆများပါက ရောဂါဖြစ်ပွားမှု မြန်ပါသည်။ ရောဂါကင်းသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။မျိုးစေ့(၁) ကီလိုဂရမ်တွင် သိုင်ရမ်(Thiram) (၄)ဂရမ်နှုန်းဖြင့် ဆေးစီရင်ပါ။ စိုက်ခင်းကို ရေသွင်းရေထုတ် ကောင်း အောင်ပြုလုပ်ပါ။
(ဂ) ပင်ခြေပုပ်ရောဂါ
သီးလှည့်စိုက်ပျိုးပါ။ ကြက်သွန်နီများသည် ကော့ပါးဓါတ်နည်းသော မြေအမျိုးအစားကို ခံနိုင်ရည်မရှိပါ။အထူးသဖြင့် ရွှံ့မြေနှင့် သဲမြေတို့တွင် ကော့ပါးမြေသြဇာ ထပ်မံထည့်ပါ။ ကော့ပါးအောက်ဇီကလိုရိုဒ် (Copper Oxychloride) ၀.၂၅ % ဖြင့်မြေကြီးတွင် ရွှဲရွှဲစိုအောင်ဖျန်းပါ။
.
အထွက်နှုန်း
ပျမ်းမျှ(၁)ဧကလျှင် ပိဿာ(၃၀၀၀-၅၀၀၀)ထိ ထွက်ရှိနိုင်ပါသည်။
.
ရိတ်သိမ်းခြင်း
အမြိတ်စားအတွက် စိုက်ပါက ကြက်သွန်ဥ အရွယ်အစား ခဲတံလုံးခန့်ရှိလျှင် လက်ဖြင့်ဆွဲနှုတ်ယူနိုင်သည်။ တစ်နည်းအားဖြင့် ကြက်သွန်မြိတ်(၁)ပိဿာတွင် အရွက်(၃၅)ကျပ်သား၊ ဥအလေးချိန်(၆၅)ကျပ်သားရှိပါက ကြက်သွန်မြိတ်အဖြစ် နှုတ်ရောင်းနိုင်သည်။ ဥကြီးအတွက်ရိတ်သိမ်းပါက အရွက်(၁၅‒၂၅)%ခြောက်လာလျှင် လက်ဖြင့်ဆွဲနှုတ်ရိတ်သိမ်းနိုင်သည်။ အရွက်များအားလုံး ခြောက်မှရိတ်သိမ်းလျှင် ကြက်သွန်ဥသည် အမြစ်ထွက်လာ၍ လက်ဖြင့်နှုတ်ယူရန်မလွယ်တော့ချေ။ ဥသည် အမြစ်များသောကြောင့် ရောင်းတန်းလည်းမလှပါ။ ဥများကိုနှုတ်ပြီးလျှင်ပြီးချင်းအရွက်ကို မဖြတ်ဘဲတစ်ပတ်ခန့် အရိပ်အောက်တွင်ထားပြီးမှ (၂)လက်မချန်၍ ဖြတ်ရမည်။
ကြက်သွန်နီအထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့်အချက်များ
(၁) ဒေသအလိုက် ကြာရှည်အထားခံသော ရွှေဖလားမျိုးများကို အသုံးပြုစိုက်ပျိုးပါ။
(၂) မျိုးစေ့(၁)ပြည်လျှင် အလေးချိန်(၇၅)ကျပ်သားထက်များသော မျိုးစေ့များအားရေစိမ်၍ အောင်စေ့များရွေးချယ်စိုက်ပျိုးပါ။ (၁)ဧကလျှင်မျိုးစေ့(၂-၄)ပြည်နှုန်း အသုံးပြုပါ။
(၃) မြေအချဉ်အငန်ဓါတ်(၆-၇)ရှိ မြေမျိုးတွင်ထယ်ရေးနက်နက်နှင့် ညက်ညက်ထွန်၍ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။
(၄) ပင်ကြား ၊တန်းကြား (၃×၄)လက်မ အကွာအဝေးဖြင့် (၁)ဧကလျှင် အပင် (၂၅၀၀၀၀-၃၀၀၀၀၀)ဝင်ဆံ့အောင် စိုက်ပျိုးပါ။
(၅) သန်မာသောပျိုးပင်များရရှိစေရန်ပျိုးဘောင်ကိုစနစ်တကျ ပြုပြင်၍ ပျိုးသက်(၄၅-၅၀)ရက်သားတွင် ရွှေ့ပြောင်းစိုက်ပျိုးပါ။
(၆) တစ်ဧကလျှင် သဘာဝမြေသြဇာ(၁၀)တန်၊ ယူရီးယား(၅၀)ကီလိုဝင်(၂)အိတ်၊တီစူပါ(၅၀)ကီလိုဝင်(၂)အိတ်၊ပိုတက်(၅၀) ကီလိုဝင်(၁)အိတ်နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားတစ်ဝက်ကို မြေခံတွင်ထည့်၍ ကျန်တစ်ဝက်ကို အပင်လှန်ပြီးကြား ပေါင်းလိုက်ချိန်နှင့် ဥစတင်ဆင်းချိန်တွင် တစ်ဝက်စီခွဲထည့်ပေးပါ။
(၇) ရွှေ့ပြောင်းစိုက်ပြီး (၂၅‒၃၀)ရက်အကြာတွင် ကြားပေါင်းလိုက်ပါ။ သီးနှံတစ်ရာသီတွင် ကြားပေါင်းလိုက်ခြင်း(၃)ကြိမ်ခန့် ဆောင်ရွက်ပါ။
(၈)ရွှေ့ပြောင်းစိုက်ပြီး (၂၅‒၃၀) ရက်မှစတင်ကာစိုက်ခင်း၌ အစိုဓါတ်လုံလောက်မှုရှိစေရန် ရေသွင်းခြင်းကို အမြဲဂရုပြု ဆောင်ရွက်ပါ။ ရေအစိုဓါတ်ပေါ် မူတည်၍ ရေသွင်းချိန် (၅-၈) ကြိမ်ထိသွင်းပေးပါ။
(၉) အပင်စုပ်ပိုးကျရောက်မှု အခြေအနေပေါ်မူတည်၍ ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပတ်ဖျန်း၍ ကာကွယ်နှိမ်နှင်းပါ။
(၁၀) မှိုရောဂါကျရောက်နိုင်သည့် မိုးအုံ့ခြင်း၊ မိုးဖွဲရွာခြင်းစသော ရာသီဥတုဖေါက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ပါ။
(၁၁) ကြက်သွန်ရွက်များ (၁၅-၂၅) % ခြောက်လာလျှင် နုတ်သိမ်းပါ။
(၁၂)နုတ်သိမ်းပြီး ကြက်သွန်ဥများကို တစ်ပတ်ခန့် လေသလပ်ခံပြီးမှ အမြိတ်(၂)လက်မခန့်ချန်၍ ဖြတ်ပါ။လေဝင်လေထွက်ကောင်းသော အရိပ်အောက်တွင် သိုလှောင်ပါ။
(၁၃) အစေ့ပျိုးပြီး ရက် ၃၀ အတွင်း မြက်မရှိရပါ။ လိုအပ်မှသာ မှိုသတ်ဆေး ပေါင်းသတ်ဆေးများသုံးပါ အပင်သေတက်ပါတယ်။
source : Department of Agriculture