ခွေလေးများအတွက်အရိုးအဆစ် ကောင်းမွန်စေတဲ့ ကြက်ဥခွံမှုန့် အိမ်တွင်း စီးပွားရေး

 




ဒီနေ့မှာတော့ ခွေးလေးများအတွက် ဈေးအသက်သာဆုံး၊ အန္တရာယ်အကင်းဆုံးနဲ့ ကယ်လ်စီယမ်ဓာတ် အကြွယ်ဝဆုံး ရရှိနိုင်တဲ့ နိုင်ငံတကာမှာလဲ Calcium Power အဖြစ် ရောင်းနေတာတွေ ရှိပါတယ်  #LGTmyanmar , #BBKmyanmar 

.

အဲဒါကတော့ "ကြက်ဥခွံ" ပဲ ဖြစ်ပါတယ်။ ကြက်ဥခွံမှာ ကယ်လ်စီယမ် ကာဗွန်နိတ် ၉၅ ရာခိုင်နှုန်း ပါဝင်တဲ့အပြင် အမိုင်နိုအက်ဆစ်၊ ဗီတာမင် A နဲ့ E၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ ဖော့စဖရပ်စ်တို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် ကြက်ဥခွံဟာ သင့်ခွေးလေးတွေရဲ့ အရိုးနဲ့ ကြွက်သား ကျန်းမာရေးအတွက် အရမ်းကို အရေးကြီးပါတယ်။


ကြက်ဥခွံမှုန့် ပြုလုပ်နည်း

၁။ ကြက်ဥခွံ စုဆောင်းပါ : ကျွန်မဆီမှာတော့ ကြက်ဥခွံ နှစ်ဒါဇင်လောက် ရှိပါတယ်။ သင်လည်း ရက်သတ္တပတ် အနည်းငယ်ကြာအောင် ကြက်ဥခွံတွေကို စုထားပြီးမှ ဒီနည်းလမ်းလေးကို စမ်းကြည့်လို့ ရပါတယ်။

.

၂။ ပိုးသတ်ရန် ပြုတ်ပါ : ကြက်ဥခွံ အပြင်ဘက်မှာရှိတဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို သေစေဖို့အတွက် ၁၀ မိနစ်ခန့် ပြုတ်ပေးရပါမယ်။ ဆား ထမင်းစားဇွန်း တစ်ဇွန်းထည့်ထားတဲ့ ရေနွေးပွက်ပွက်ထဲမှာ ကြက်ဥခွံတွေထည့်ပြီး ၁၀ မိနစ်ခန့် တည်ထားပေးပါ။

.

၃။ အအေးခံပြီး ချေဖျက်ပါ : ၁၀ မိနစ်ပြည့်ရင် ရေနွေးထဲက ဆယ်ထုတ်ပြီး အအေးခံပါ။ အေးသွားပြီဆိုရင်တော့ လက်နဲ့ အကြမ်းစားလေးတွေဖြစ်အောင် ချေပေးပါ။

.

၄။ အစိုဓာတ် ထုတ်ပါ :  မှုန့်ညက်နေအောင် ကြိတ်နိုင်ဖို့ဆိုရင် အစိုဓာတ် လုံးဝမရှိဖို့ လိုပါတယ်။ အစိုဓာတ်ထုတ်ဖို့ နည်းလမ်း (၃) သွယ် ရှိပါတယ် -

  • နေပူထဲမှာ တစ်ရက်၊ နှစ်ရက်ခန့် လှန်းထားပါ။

  • Oven (ဖို) ထဲမှာ ထည့်ဖုတ်ပါ။

  • ဒါမှမဟုတ် အခုကျွန်မလုပ်ပြသလိုမျိုး ဒယ်အိုးထဲမှာ ရေခြောက်အောင် လှော်ပေးပါ။ (၂ မိနစ်၊ ၃ မိနစ်လောက်ဆို ရပါပြီ။ အနံ့တွေ တစ်အိမ်လုံး နံသွားတတ်လို့ အကြာကြီးတော့ မလှော်ပါနဲ့။)

.

၅။ အမှုန့်ကြိတ်ပါ :  နောက်ဆုံးအဆင့်ကတော့ Blender (အနှစ်ကြိတ်စက်) ထဲထည့်ပြီး မှုန့်ညက်သွားအောင် ကြိတ်ပေးလိုက်ရုံပါပဲ။ အခုဆိုရင်တော့ ကြက်ဥခွံမှုန့်လေး ရပါပြီ။

.


သတိပြုရန်နှင့် တိုက်ကျွေးနည်း

ကယ်လ်စီယမ်ဓာတ်ဟာ ခွေးလေးတွေအတွက် ကောင်းတယ်ဆိုပေမဲ့ အများကြီးကျွေးရင်လည်း မကောင်းပါဘူး။ ဒါကြောင့် ပမာဏ မှန်ကန်ဖို့ လိုပါတယ်။

  • ခွေးကြီးဆိုရင်: လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ခွေးပေါက်လေးဆိုရင်: လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ဒါဆိုရင် တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ ရရှိစေမှာပါ။ ခွေးစာလေး ထဲသို့ ၊ တခြားကျွေးနေကျ အစားအစာထဲမှာဖြစ်ဖြစ် ရောကျွေးနိုင်ပါတယ်။

ကျန်တဲ့ အမှုန့်တွေကိုတော့ လေလုံတဲ့ဘူးထဲမှာ ၁၀ ရက်ကနေ ၁၅ ရက်အထိ သိမ်းဆည်းထားလို့ ရပါတယ်။

Previous Post Next Post