၂။ ဘိုကာရှီမြေဆွေးမြေဩဇာ
ဘိုကာရှီဆိုသည်မှာ ဂျပန်စကားဖြစ်ပြီး အဓိပ္ပာယ်မှာ အချဉ်ဖောက်ထားသည့် ဩဂဲနစ်ပစ္စည်းများဖြစ်ပါသည်။ ဩဂဲနစ်ပစ္စည်းဆိုသည်မှာ အပင်၊ တိရစ္ဆာန်စသည့် သက်ရှိများမှရရှိလာသည့် ပစ္စည်းများ ဖြစ်ကြသည်။ ဤမြေဩဇာသည် မြေကြီးကိုအာဟာရများပြည့်ဝအောင်ဖြည့်ဆည်းပေးပြီး မြေကြီးကမှ အပင်နှင့်မြေတွင်းနေအဏုဇီဝသက်ရှိမျိုးစုံကို အာဟာရများကျွေးမွေးပေးသည်။
#LGTmyanmar , #BBKmyanmar
ပါဝင်သည့်ပစ္စည်းများမှာ တောင်သူများအလွယ်တကူရနိုင်သည့် ပစ္စည်းများဖြစ်ကြသည်။
ဘိုကာရှီတွင်ပါဝင်ပစ္စည်းများ
၁။ နွားချေး/ကျွဲချေး/ကြက်ချေး/ဆိတ်ချေး (အမှုန့်) - ၄ တင်း
၂။ စပါးခွံဖွဲပြာ - ၂ တင်း
၃။ သစ်တောမြေ/ဝါးရုံပင်အောက်ကမြေ - ၂ တင်း
၄။ ဖွဲနု - ၁.၅ တင်း
၅။ ပဲဖတ်မှုန့်/ ရိုးရိုးပဲမှုန့် - ၂ ပိဿာ
၆။ သကြား (အညိုဆိုပိုကောင်း) - ၇၅ ကျပ်သား
၇။ သီးစုံ/ဟင်းရွက်စုံချဉ်ဖတ်ရည် - ၅၀၀ စီစီ
၈။ စွမ်းထက်အီးအမ် - ၂ လီတာ
၉။ ရေ - ၂ ဂါလံ
ရောစပ်ပုံ
(၁) နွားချေး/ကျွဲချေး/ဆိတ်ချေး/ကြက်ချေး - အလွယ်တကူရနိုင်သည့် တစ်မျိုးမျိုးကို သုံးနိုင်ပါသည်။ ၎င်းတို့သည် အမှုန့်ဖြစ်နေလျှင် ပိုမိုကောင်းမွန်ပါသည်။
(၂) သစ်တောမြေ/ဝါးရုံပင်အောက်ကမြေကြီးဆိုသည်မှာ သစ်တောထဲမှအပေါ်ယံ မြေကြီး၊ သို့မဟုတ် ဝါးရုံပင်အောက်ကအပေါ်ယံမြေကြီးများဖြစ်ပါသည်။ ထိုမြေကြီးများသည် မြေဆီဩဇာအလွန်ကောင်းမွန်ပြီး အကျိုးပြု အဏုဇီဝသက်ရှိများလည်း အများအပြား ပါရှိပါသည်။
(၃) ဖွဲနုသည် အစစ်ဖြစ်ရပါမည်၊ ဖွဲကြမ်းများကိုပြန်လည်ကြိတ်ထားသည်များမဖြစ်ရပါ။
(၄) ပဲဖတ်မှုန့်အစစ်ရနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ မရနိုင်ပါက မိမိတို့ဒေသတွင် အလွယ်တကူရှိနိုင်သည့် ပဲမှုန်ကိုလည်းရောစပ်နိုင်ပါသည်။
(၅) ဟင်းရွက်စုံချဥ်ဖတ်ရည်/သီးစုံချဥ်ဖတ်ရည်/စွမ်းထက်အီးအမ် စသည်များသည် မိမိကိုယ်တိုင်ဖော်စပ်ထားသည့် အိမ်တွင်းဖြစ်ဆေးများဖြစ်ကြပါသည်။
(၆) ချဥ်ဖတ်ရည်၊ စွမ်းထက်အီးအမ်နှင့် သကြားတို့ကို ရေနှစ်ဂါလံထဲတွင် ရောစပ်ဖျော်ပေးပါ။
(၇) ဖွဲနုနှင့် ပဲမှုန့်တို့လည်း ရောစပ်ထားပါ။
(၈) သမံတလင်းပေါ်တွင်ဖြစ်စေ၊ ပလတ်စတစ်အစ/မိုးကာစပေါ်တွင်ဖြစ်စေ နွားချေး၊ မြေကြီးနှင့် စပါးခွံဖွဲပြာတို့ကို သမသွားအောင်ရောစပ်ပေးပါ၊ ရောမွှေနေစဉ် ချဉ်ဖတ်ရည်၊ အီးအမ်နှင့် ရေရောစပ်ထားသည့်အရည်ဖြင့်ပက်ဖျန်းပေးပြီးရောစပ်ပေးပါ၊ ရောစပ်ထားသည့်အရောကို လက်ထဲတွင်ဆုပ်ကိုင်ကြည့်ပါက ပေါက်ပေါက်ဆုပ် ကလေးကဲ့သို့ ဆုပ်လို့ရလာလျှင် အစိုဓာတ်သင့်တင့်သည့် အနေအထားဖြစ်ပါသည်။ပေါက်ပေါက်ဆုပ် ဆုပ်လို့မရဘဲ ကွဲကျသွားပါက အစိုဓာတ်လိုနေသေးပြီး လက်ထဲတွင်ဆုပ်ကြည့်သည့်အခါ လက်ကြားထဲမှရေများ ထွက်ကျလာပါက အစိုဓာတ်များလွန်းသွားပါသည်။ အစိုဓာတ် များသွားပါက ဘိုကာရှီမြေဩဇာပုပ်သွားတတ်၍ ဖော်စပ်မှုမအောင်မြင်ပါ။
(၉) နွားချေး၊ မြေကြီး၊ စပါးခွံဖွဲပြာများ သမအောင်ရောစပ်ပြီးပါက ထိုအပုံပေါ်သို့ ဖွဲနုနှင့် ပဲမှုန့်အရောကို ဖြူးပေးပြီးမွှေပေးပါ။ မွှေနေစဉ် ချဉ်ဖတ်ရည်နှင့်စွမ်းထက်အီးအမ်တို့ ဖျော်ထားသည့်အရည်ဖြင့်ပက်ဖျန်းပေးပြီး မွှေပေးပါ။ ထိုအရည်ကုန်သွားပါက ရိုးရိုးရေဖြင့် ပက်ဖျန်းပေးနိုင်ပါသည်။ရောစပ်ပြီးအရော၏အစိုဓာတ်သည် ပေါက်ပေါက်ဆုပ် ဆုပ်လို့ရသည့် အနေအထားဖြစ်ရပါမည်။
(၁ဝ) အားလုံးနှံ့စပ်အောင်ရောမွှေပြီးပါက ဘိုကာရှီအပုံကို မိုးကာအစဖြင့် လုံနေအောင်ဖုံးအုပ်ထားပေးပါ။
(၁၁) နောက်နေ့နံနက်တွင် အပုံပေါ်သို့ဖုံးအုပ်ထားသည့်မိုးကာစကိုဖွင့်ပေးလိုက်ပါ။ အပုံ၏အပေါ်ယံမျက်နှာပြင်တွင် မှိုမျှင်များ အများအပြားပေါ်ထွက်နေသည်ကို တွေ့ မြင်ရပါမည်။ အပုံထဲကိုလက်နှိုက်ကြည့်ပါက အလွန်ပူနေသည်ကို ခံစားရပါလိမ့်မည်။
(၁၂) အပုံကို အထက်အောက်သမသွားအောင်မွှေပေးပြီး ပြန်အုပ်ထားပေးပါ။ (၁၃) ညနေပိုင်းတွင်တစ်ကြိမ်မွှေပေးပါ။
(၁၄) တစ်ပတ်တိတိကြာအောင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်ရက်လျှင် နှစ်ကြိမ်မွှေပေးပါ။
(၁၅) ရှစ်ရက်မြောက်နေ့တွင် အပူဓာတ်ထွက်မှုလျော့နည်းလာပါလိမ့်မည်။ ထိုရက်မှစတင်ပြီး တစ်ပတ်တိတိ တစ်နေ့လျှင်တစ်ကြိမ်သာမွှေပေးပါ။
(၁၆) ဘိုကာရှီအပုံသည် ခြောက်သွေ့လွန်းနေပါက ပေါက်ပေါက်ဆုပ် ဆုပ်လို့ရသည့် အစိုဓာတ်ရှိနေအောင် ရေဖျန်းပေးပါ။
(၁၇) ဖော်စပ်ပြီး ၁၅ ရက်ကြာလျှင် အပုံမှအပူဓာတ်သည် ကြက်သီးနွေးလောက်သာ ရှိပါတော့သည်။ ဘိုကာရှီအနံ့သည် ချဉ်ဖတ်အနံ့လေးထွက်နေရပါမည်။ အပုပ်နံ့ထွက်နေပါက ဖော်စပ်တာမအောင်မြင်ပါ။ သုံးစွဲရန်မသင့်တော်ပါ။
(၁၈) ထိုရက်မှစတင်ပြီးအသုံးပြုနိုင်ပါသည်။ အသုံးမပြုဖြစ်သေးသည်များကို အိတ်သွပ်၍ သိုလှောင်သိမ်းဆည်းထားနိုင်ပါသည်။
(၁၉) သုံးစွဲခဲ့ရသည့်ပစ္စည်းများ၏ ကုန်ကျငွေကိုတွက်ချက်ပြီး ဘိုကာရှီတစ်အိတ်၏ တန်ဖိုးကိုတွက်ချက်ကြည့်နိုင်ပါသည်။ တစ်အိတ်၏အကြမ်းဖျင်း
တန်ဖိုးကိုသိပါက တစ်ဧကထည့်သွင်းပေးနိုင်သည့် အိတ်ပမာဏကို ခန့်မှန်းနိုင်ပါသည်။
ထည့်သွင်းရမည့်နှုန်း
(၁) ပထမဆုံးအကြိမ်အဖြစ် ထည့်မည်ဆိုပါက တစ်ဧကလျှင် အနည်းဆုံး (၁၀) အိတ် ထည့်ပေးသင့်ပါသည်။ ထို့ထက်ပိုထည့်နိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ တစ်အိတ်တန်ဖိုးကိုတွက်ချက်၍ ဓာတ်မြေဩဇာထည့်လျှင် ကုန်ကျနိုင်မည့် တန်ဖိုးနှင့် ချိန်ထိုးကာ ထည့်သွင်းပေးသင့်ပါသည်။
(၂) တစ်ကြိမ်တည်းနှင့်ထည့်သွင်းခြင်း၊ အပင်သက်တမ်းအလိုက် အကြိမ်ခွဲ၍ထည့်သွင်းခြင်းစသည်တို့ကို မိမိစိတ်ကြိုက်ထည့်သွင်းနိုင်ပါသည်။
(၃) ပထမနှစ်တွင်များများထည့်ထားပါက နောင်နှစ်များတွင် လျှော့၍ထည့်ပေးနိုင်ပါသည်။ သစ်တောမြေ/ဝါးရုံပင်အောက်ကမြေ/သစ်ပင်ကြီးအောက်ကမြေ
(၄) ဘိုကာရှီမြေဩဇာကို စသည်တို့နှင့် ဆတူရောစပ်၍လည်း ထည့်သွင်းနိုင်ပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း ယခင်အခါများက စပါးခွံကို ထည့်သွင်းအသုံးပြုခဲ့ပြီး ယခုအချိုးတွင် စပါးခွံမသုံးတော့ပါ။ စပါးခွံမသုံးရဟု မဆိုလိုပါ။ ယခုအချိုးတွင် သစ်တောမြေ/ဝါးရုံပင်အောက်ကမြေ/သစ်ပင်ကြီးအောက်ကမြေစသည်တို့ကို ထည့်သွင်းအသုံးပြုထားပါသည်။
ယခင်ပါဝင်ခဲ့/ရောစပ်ခဲ့သည့်ပစ္စည်းများထက် ယခုပစ္စည်းများဖြင့်ရောစပ်ခဲ့ပါက ပိုမိုအရည်အသွေးမီသည့် ဘိုကာရှီ မြေဩဇာရရှိလာမည်ဟု ယုံကြည်သဖြင့် အချိုးအသစ်ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။