တွံတေးမြို့၊ အိုးဘိုရပ်ကွက်မှာရှိတဲ့ မြေအိုးလုပ်ငန်းတစ်ခုကို ရောက်ရှိနေပါတယ်။ အထဲမှာ မြေအိုးလုပ်ငန်း အဆင့်ဆင့်ကို ဘယ်လိုပြုလုပ်လဲဆိုတာ သွားရောက်လေ့လာကြည့်ရအောင်။
#LGTmyanmar #BBkmyanmar
မြေအိုးပြုလုပ်နည်း အဆင့်ဆင့် (တွံတေးမြို့၊ အိုးဘိုရပ်ကွက်)
တွံတေးမြို့၊ အိုးဘိုရပ်ကွက်ရှိ လုပ်ငန်းပိုင်ရှင်တစ်ဦး၏ ပြောပြချက်များအရ ရိုးရာမြေအိုးပြုလုပ်နည်း အဆင့်ဆင့်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
(၁) မြေပြင်ဆင်ခြင်း
တောင်မြေကြိတ်ခြင်း: ပထမဆုံးအနေဖြင့် တောင်မြေဟု ခေါ်သော မြေအမျိုးအစားကို ဒီဇယ်အင်ဂျင်သုံးစက်ဖြင့် ကြိတ်သည်။
မြေမှုန့်ရရှိခြင်း: ကြိတ်ပြီးသောအခါ မြေမှုန့်များ ရရှိသည်။
မြေစိမ်းနှင့် ရောစပ်ခြင်း: ထို့နောက် မြေနက် သို့မဟုတ် မြေစီးဟု ခေါ်သော မြေစိမ်းကို ရေကန်ထဲတွင် စိမ်ထားသော မြေကြီးနုပ်များ (ကျွဲဂျိုသား) နှင့် ရောစပ်ကာ စက်ထဲထည့်၍ ထပ်မံကြိတ်သည်။
မြေသားနယ်ခြင်း: ကြိတ်ပြီးသား မြေသားများကို ခြေထောက်ဖြင့် နင်းကာ အိုးပြုလုပ်ရန် သင့်တော်သော အခြေအနေရောက်သည်အထိ နယ်ပေးရသည်။
(၂) အိုးပုံဖော်ခြင်းနှင့် အခြောက်ခံခြင်း
အိုးဆွဲခြင်း: မြေသားများကို အိုးဆွဲစက်ဖြင့် ပန်းအိုး၊ သောက်ရေအိုး စသည်တို့အဖြစ် ပုံဖော်ဆွဲယူသည်။
အိုးမျက်နှာပြင်ပြုပြင်ခြင်း: ဆွဲပြီးသော အိုးများ၏ မျက်နှာပြင်များကို ချောမွေ့စေရန် ကျောက်ဖြင့် တိုက်ပေးရသည်။
နေလှန်းခြင်း: ပြီးစီးသောအိုးများကို နေရောင်ခြည်ဖြင့် လှန်း၍ အခြောက်ခံရသည်။ နေလှန်းပြီးသောအခါ အိုးများသည် မာလာသည်။
ဖိုအပူချိန်ဖြင့် အခြောက်ခံခြင်း: အချောကိုင်ပြီးသောအခါ ဖို၏အပူချိန်ဖြင့် ထပ်မံအခြောက်ခံပေးရသည်။
(၃) အိုးမီးဖုတ်ခြင်း (ဖိုထိုးခြင်း)
ဖိုတည်ဆောက်ခြင်း: ဖိုတစ်လုံးတည်ဆောက်ရန် စရိတ်ကြီးပြီး သိန်း ၇၀ ခန့် ကုန်ကျနိုင်သည်။
အိုးစီခြင်း: ဖိုထဲသို့ အိုးပေါင်း ၈၀၀ မှ ၉၀၀ နီးပါးခန့် အစီအစဉ်တကျ ထည့်သွင်းစီရသည်။ အိုးတစ်လုံးနှင့်တစ်လုံး မကွဲစေရန် ခြားခံပစ္စည်းများ ထည့်ပေးရသည်။
ထင်းနှင့် မီးပေးခြင်း: ဖိုကို မီးထိုးရန် ဝါးထင်းများ အသုံးပြုပြီး လွတ်မီးထိုးရသည်။ မီးကို ၂၄ နာရီပတ်လုံး ၃ ရက်ကြာ မရပ်မနား ထိုးပေးရသည်။
အိုးအအေးခံခြင်း: မီးသားဝပြီး အိုးများ ကျက်သွားသောအခါ ထင်းများနှင့် ဝါးများကို ဆွဲထုတ်ကာ ရေဖြန်း၍ ဖိုကို ပြန်ပိတ်ပြီး ၃ ရက်တိတိ အအေးခံရသည်။
အိုးထုတ်ယူခြင်း: အိုးများအေးသွားပြီး အဆင်သင့်ဖြစ်သောအခါ ဖို၏ရှေ့ဘက် သရွတ်မှန်ထားသည့်နေရာကို ဖွင့်ချကာ အိုးများအားလုံးကို ထုတ်ယူသည်။
(၄) အခြားလုပ်ငန်းစဉ်များ
ကုန်ကြမ်းလှောင်ခြင်း: မြေအိုးပြုလုပ်ရန်အတွက် အဓိကကုန်ကြမ်းဖြစ်သော တောင်မြေကို နွေဦးကာလတွင်သာ တူးဖော်ရရှိနိုင်သောကြောင့် တစ်နှစ်ပတ်လုံးအတွက် လုံလောက်စွာ လှောင်ထားရသည်။
အိုးကွဲများ ပြန်လည်အသုံးပြုခြင်း: မတော်တဆ ကွဲသွားသော အိုးများကို ရေစိမ်ထားပြီး ပျော့သွားသောအခါ ပြန်လည်ကြိတ်ကာ အသစ်ပြုလုပ်မည့် မြေနှင့် ရောစပ်၍ အသုံးပြုနိုင်သည်။ သို့သော် လမ်းခင်းရာတွင်သာ အသုံးပြုနိုင်သော အိုးများလည်း ရှိသည်။
လက်နှီးအသုံးပြုခြင်း: အိုးများကို အချောကိုင်ရာတွင် လက်နှီးဟုခေါ်သော အထည်စတစ်မျိုးကို အသုံးပြုသည်။ ရေတင်သည့် အထည်အမျိုးအစားကိုသာ အသုံးပြုနိုင်ပြီး အချောသားများကို အသုံးပြု၍မရပေ။
ရာသီဥတုအလိုက် ထင်းပြင်ဆင်ခြင်း: မိုးတွင်းကာလတွင် ထင်းများ စိုထိုင်းဆရှိနေပါက အိုးများ ကွဲတတ်သောကြောင့် ကြက်ဆင်တင်ကာ ထင်းကို အခြောက်ခံရသည်။
ပန်းအိုးဆွဲခြင်း: ပန်းအိုးတစ်အိုးဆွဲရန် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အချိန်ကြာမြင့်သည်။
ပန်းရေးခြင်း: အိုးများပေါ်တွင် ပန်းပုံများရေးဆွဲရန်အတွက် သီးသန့် ပန်းရေးသည့်သူများ ရှိသည်။
မိသားစုလုပ်ငန်း: ဤမြေအိုးလုပ်ငန်းသည် လုပ်ငန်းပိုင်ရှင်၏ မိသားစုတွင် ၄ ဆက်မြောက် လုပ်ငန်းဖြစ်ပြီး လက်ဆင့်ကမ်း လုပ်ကိုင်နေခြင်းဖြစ်သည်။
ဤလုပ်ငန်းသည် လူအားကို အများအပြား အသုံးပြုရသော လုပ်ငန်းဖြစ်ပြီး ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စိန်ခေါ်မှုများလည်း ကြုံတွေ့နေရသည်။
မော် (အိုးလုပ်ငန်း) - တွံတေးမြို့၊ အိုးဘိုရပ်ကွက်
Interviewer: အကို မင်္ဂလာပါရှင်။
လုပ်ငန်းပိုင်ရှင်: ဟုတ်ကဲ့ပါခင်ဗျာ။
Interviewer: ညီမတို့က အခု မြေအိုးလုပ်ငန်းကို စိတ်ဝင်စားလို့ပေါ့နော်။ မြေအိုးကို အကြမ်းဖျင်းလေး ဘယ်လိုမျိုးပြုလုပ်ရတယ်ဆိုတာကို အဆင့်ဆင့် ဖော်ပြပေးပါလားရှင်။
လုပ်ငန်းပိုင်ရှင်: ဒီဟာလေးက တောင်မြေ လို့ခေါ်ပါတယ်။ ဒီတောင်မြေကို စက်နဲ့ ကြိတ်တာပါ။ စက်နဲ့ ကြိတ်ပြီးရင်တော့ မြေမှုန့် ရပါတယ်။
Interviewer: လျှပ်စစ်နဲ့ ကြိတ်တာလား။
လုပ်ငန်းပိုင်ရှင်: မဟုတ်ပါဘူးဗျာ။ ဒီဇယ်နဲ့ ကြိတ်တာပါ။ အမှုန့်ကြိတ်ပြီးသွားပြီဆိုရင် ဒီဘက်ကဟာတွေကတော့ မြေနက် လို့ခေါ်တာပေါ့။ မြေစီး ပေါ့။ ဒီ ရေကန်လေး တွေထဲမှာ ထည့်ပြီးစိမ်တာ။ တစ်ခါ ဖွင့်ပြပေးလိုက်မယ်။ ဒါ ရေကန်လေး ကတော့ မြေကြီး နုပ်ထားတာပေါ့။ ဒီဟာလေးနဲ့ တွဲပြီးစိမ်ထားတာပေါ့။ ဒါဆိုလို့ရှိရင် ကြိတ်လို့ရပြီ။ ဒီနားက စက်ထဲထည့်ကြိတ်မယ်။ ဒီစက်ထဲကို ထည့်ကြိတ်ပြီးတာနဲ့ မြေဆီသား တစ်ခါတည်းရပြီ။ အဲ့ဒါကို ကြိတ်ထားတဲ့ အသားတွေကို ပြီးရင် ခြေထောက်နဲ့ နင်းပေးသေးတယ်။ ဒီဘက်ကတော့ ပန်းအိုး ဆွဲနေတာ ပေါ့။ ဆွဲပြီးရင် ဒီအိုးတွေကို ဒီလိုမျိုး ပြန် ဖောက်သေးတယ်။ ဒါက သောက်ရေအိုး အကြီး။
Interviewer: ဒါက အခြောက်ခံထားတာ နည်းနည်းပျော့နေသေးတယ်။
လုပ်ငန်းပိုင်ရှင်: ဟုတ်တယ် ပျော့နေသေးတယ်။ ဒါ ကျွဲဂျိုသား ခေါ်တယ်။ ကိုင်လို့ရတယ်။ နောက်တစ်ဆင့်ကတော့ နေလှန်းရတယ်။ ဒါက ဘုရားသောက်တော်ရေအိုးတွေ။
Interviewer: ဖယ်လိုက်တဲ့ဟာတွေလည်း ရှိမှာပေါ့နော်။
လုပ်ငန်းပိုင်ရှင်: ရှိပါတယ်။ မတော်တဆ ကိုင်ရင်းနဲ့ ပဲ့သွားတဲ့ဟာတွေကို အိုးကွဲစိမ်တဲ့ဟာ က သပ်သပ်ရှိတယ်။ စိမ်ထားလိုက်ရင် ပြန်ပျော့သွားရော။ ပြီးရင် အိုးတွေကို ပြန်ပြီးကြိတ်တဲ့အခါကြရင် နည်းနည်းချင်း ရောကြိတ်ပေးရတာပေါ့။
Interviewer: အဲ့လိုမျိုးဆိုတော့ အိုးပြန်လုပ်လို့ရတာပေါ့။
လုပ်ငန်းပိုင်ရှင်: ဟုတ်ပါတယ် ရပါတယ်။ ကျက်သွားတဲ့အိုး တွေကြတော့ လမ်းခင်းဖို့ပဲ သုံးလို့ရတော့တယ်။ အိုးမီးဖုတ်လိုက်ရင် ဒီလိုအရောင်လေး ဖြစ်သွားတယ်။ အဲ့ဒါတွေကိုတော့ ဟိုဘက်အခြမ်းမှာ ပြပေးမယ်။ ဒီက မြေအိုးတွေကတော့ နေလှန်းထားပြီး သွားပြီပေါ့နော်။ နေလှန်းထားပြီးတဲ့ဟာတွေကို ကိုင်ကြည့်ပါ။ မာသွားတယ်။ ကျောက်နဲ့တိုက်ရတယ်။ ဘာလို့လဲဆိုတော့ အိုးမျက်နှာပြင်တွေ ချောသွားအောင်လို့ပါ။ အချောကိုင်ပြီးသွားရင် ဖိုအပူရှိန် နဲ့ အခြောက်ခံပေးရတယ်။ နောက်ရက်ဆိုရင်တော့ ခြောက်သွားရော။ ဒါကတော့ အပင်စိုက်တဲ့ ပန်းအိုးပါ။ အောက်မှာ အပေါက်နဲ့ ငါးပေါက် လို့လည်း ခေါ်တယ်။ နောက်ထပ်အခေါ်အဝေါ် ဆယ်လက်မ လို့လည်း ခေါ်တာပေါ့နော်။
Interviewer: ဒီမှာ ဖိုက မီးအရှိန်က တော်တော်ပြင်းတာ။
လုပ်ငန်းပိုင်ရှင်: မနက်ဖြန်ဆိုရင် မီးပေါင်ချိန်အမြင့် နဲ့ မနက်ဖြန်ဆို ထိုးတော့မှာ။ မီးသားဝပြီ ဆိုတာနဲ့ ဝါးထင်းထိုးတာပေါ့။ လွတ်မီးထိုးတာ ပေါ့။
Interviewer: ဖိုထိုးရင် ဘယ်နှစ်ရက်လောက် ထိုးရလဲ။ အိုးဖြစ်ဖို့ဆိုရင်။
လုပ်ငန်းပိုင်ရှင်: အခုဆိုရင် ၃ ရက်မြောက်ရှိသွားပြီ မီးထည့်ထားတာ။
Interviewer: တစ်ချိန်လုံး ၂၄ နာရီ မီးပေးထားရတာလား။
လုပ်ငန်းပိုင်ရှင်: ဟုတ်ပါတယ်။ ၂၄ နာရီ မီးအပျက်ခံလို့မရဘူး။ ဖိုထဲကို အောက်ကနေ ငုံကြည့်ကြည့်ပါ။ အိုးတွေ စီထားတယ်။
Interviewer: အထဲကို အိုးတွေ သွားထည့်ထားတာလား။
လုပ်ငန်းပိုင်ရှင်: ဟုတ်ပါတယ်။ ဖိုလုံးဝ မီးမထည့်ခင် သွားထည့်ထားတာပါ။ အိုးတွေ အကုန်ကျက်သွားရင် မီးထိုးထားတဲ့ ထင်းတွေ၊ ဝါးတွေ အကုန်ဆွဲထုတ်လိုက်တာ။ ပြီးရင် ရေဖြန်းတယ်။ ပြီးရင်တော့ ဖိုကို အပေါက်ပြန်ပိတ်ထားရပါတယ်။ ၃ ရက် တိတိလောက် အအေးခံရတယ်။ နောက် အိုးက အဆင်သင့်ဖြစ်ရင် ဖိုရဲ့ရှေ့ဘက် သရွတ်မှန်ထားတဲ့နေရာ ကို ဖွင့်ချလိုက်ပြီး အိုးတွေ အကုန်ထုတ်ပါတယ်။
Interviewer: အဲ့လိုဆို ဖိုထဲမှာ အိုးတွေ ဘယ်နှစ်လုံးလောက် ရှိလဲ။
လုပ်ငန်းပိုင်ရှင်: အိုးအလုံးရေ ၈၀၀ ကနေ ၉၀၀ နီးပါးရှိတယ်။ အိုးတွေ ဒီလိုမျိုးထည့်ထားရတာပေါ့။ အိုးတွေကို တစ်အိုးနဲ့တစ်အိုး ဖိထည့်လို့မရဘူး။ ဒီတိုင်းကြီး ထပ်ထားမယ်ဆိုရင် အပေါ်က ဝိတ်များရင် ကွဲရော။ ဒီ ခြားခံပစ္စည်း တွေ ထည့်ပေးထားတော့ မကွဲတော့ဘူး။ ဒါတွေက ဘုရားသောက်တော်ရေအိုးတွေ။ ရဲရဲကိုင်ပါ။ ဘာမှမဖြစ်ဘူး။ ဒီဟာတွေတော့ အခြောက်ခံထားတာပေါ့။
Interviewer: ဒါ မိသားစုလုပ်ငန်းပေါ့။
လုပ်ငန်းပိုင်ရှင်: ဟုတ်ပါတယ်။ မိသားစုလုပ်ငန်းပါ။ ၄ ဆက်မြောက်ပေါ့။ ကျွန်တော်တို့က နောက်ဆုံးပေါ့။
Interviewer: သားသမီးတွေကို လက်ဆင့်မကမ်းတော့ဘူးလား။
လုပ်ငန်းပိုင်ရှင်: သားသမီးတွေက တစ်ယောက်မှ ဝါသနာမပါဘူးဗျာ။ ဖိုတစ်ဖို တည်မယ်ဆိုရင် ဒီလိုဆိုဒ်မျိုးဆိုရင် သိန်း ၇၀ လောက် ကုန်မယ်။ ထင်းတွေကလည်း လှောင်ထားရတယ်။ ဒါတွေကတော့ နောက်ဖိုစာ အတွက်ပါ။ အခု တုန်းကြီးတွေရဲ့ ဈေးက အရင်က ၄၊ ၅ သောင်း၊ အခုဆိုရင် ၁ သိန်း ၂ သောင်းလောက် ပေးရတယ်။ ကုန်ကြမ်းတွေရဲ့ ဈေးတွေကလည်း မြင့်သွားတယ်။
Interviewer: အမြဲတမ်း ဖိုထိုးရတာလား။ ဘယ်အိုးအထိပဲ ထိုးတယ်ဆိုတာမျိုး ရှိလား။
လုပ်ငန်းပိုင်ရှင်: မရှိဘူး။ အမြဲတမ်းတော့ ထိုးနေရတာပေါ့။ ဝါတွင်းကာလ ဥပုသ်ရက်တော့ နားတာပေါ့နော်။ ဒါကတော့ ဖိုဝိုင်းလေး။ ဒီအထဲမှာ အိုးလေးတွေထည့်ပြီး စီတယ်။ အောက်ကနေ မီးထိုးတယ်။
Interviewer: လူအားအရမ်းသုံးရတဲ့ အလုပ်လို့ ပြောလို့ရတာပေါ့နော်။
လုပ်ငန်းပိုင်ရှင်: ကိုယ်တွေ မလုပ်ဘူးဆိုရင် ကိုယ့်နောက်မှာ အလုပ်သမားမိသားစုတွေရှိတယ်လေ။ ကိုယ်က မိဘလိုနေရတာပေါ့။ ဒါလေးက တောင်မြေလေ။ ဒီဟာက လှောင်ထားရတာပေါ့နော်။ နွေဦးမှာပဲ ပေါ်တယ်။ သူတို့ တူးတဲ့အချိန်မှာပဲ ဝယ်လို့ရတာ။
Interviewer: တစ်နှစ်လုံးမှာမှ နွေဦးတစ်ချိန်ပဲ ရတာလား။ ဒါဆို တစ်နှစ်လုံးစာ လှောင်ထားရတာပေါ့နော်။
လုပ်ငန်းပိုင်ရှင်: ဟုတ်တယ်။ လှောင်ထားရပါတယ်။
Interviewer: ပမာဏ အများကြီး လုပ်လိုက်တာ စောစောကုန်သွားရင် လုပ်စရာမရှိတော့ဘူး။
လုပ်ငန်းပိုင်ရှင်: အဲ့ဒါဆို ခဏ ရပ်ထားရတာပေါ့နော်။ ဒီနေရာဆိုရင် အရင်က တောင်မြေအပြည့် ပုံထားရတာ။ အခုက ရော့လာလို့ အိုးတွေ စီထားရတာ။ အဲ့လိုမျိုး ထပ်ထားရတယ်။ ဂဲလေးတွေ ထည့်ထားရတယ်။ လေဝင်လေထွက် ကောင်းအောင်။ လုံသွားရင်လည်း ကွဲတတ်တယ်။ ဆောင်းတွင်းဘက်ဆိုရင် ဒီလိုအိုးတွေက များများလုပ်ရတယ်။ ကောက်ညှင်းပေါင်းရောင်းတဲ့အချိန်ပေါ့။ အိုးအောက်တွေမှာတော့ အပေါက်ဖောက်ထားပေးရတယ်။ မိုးတွင်းဘက်ဆိုရင် ဒီလိုမျိုး ကြက်ဆင်တွေ တင်ရတယ်။ ထင်းအခြောက်ဖြစ်သွားအောင်။
Interviewer: ထင်းထဲမှာ ရေငွေ့ဓာတ်ရှိတယ်ဆိုရင် တစ်ခါတည်း ခြောက်သွားအောင်လို့ပေါ့ဟုတ်လား။
လုပ်ငန်းပိုင်ရှင်: ဟုတ်ပါတယ်။ မိုးတွင်းဆိုတော့ အခက်အခဲရှိတယ်။ ထင်းအခြောက်မရဘူးလေ။ ထင်းက စိုနေရင် ရေခိုးရိုက် ပြီး အိုးကွဲတတ်တာပေါ့နော်။
Interviewer: ပန်းအိုး တစ်အိုးဆွဲရင် အချိန်ဘယ်လောက်လောက် ပေးရလဲ။
လုပ်ငန်းပိုင်ရှင် : ၁၀ မိနစ် ၁၅ မိနစ်လောက် ကြာတယ်။
Interviewer: ခုနကတုန်းက ပန်းဆွဲထားတဲ့ အိုးတွေ တွေ့လိုက်တယ်။ အဲ့ဒါကြတော့ရော။
လုပ်ငန်းပိုင်ရှင် : ပန်းရေးတဲ့လူက သပ်သပ်ရှိတယ်။ ဒီအလုံးကတော့ reject ဘာလို့လဲဆိုတော့ အရမ်းကြီး ကျပ်သွားလို့။ အပေါ်ပိုင်းကို မီးများသွားတော့ အဲ့လိုလေးဖြစ်သွားတာ။ ဒါပေမဲ့ အိုးကောင်းက ကောင်းတယ်။ တကယ်သုံးတဲ့လူတွေကြတော့ ဒီလိုဟာတွေကို ကြိုက်တယ်။ ပိုခိုင်လို့။ မီးအရမ်းပေးတာများသွားတော့ ပိုကျက်ပြီးတော့ ပိုခိုင်တာပေါ့။ ဒီပန်းပုံလေးက ကချင်ပြည်နယ်က ပန်းပုံလေးပါ။ ဒါက တွံတေးပန်းပုံ။ ဒီပန်းအိုးပုံစံက အသစ်လေးပါ။ နေရာသိပ်မယူဘူး။ ဒါက စပြီးနေပြီ ပေါ့။
Interviewer: ဒီဟာကို ဘယ်လိုခေါ်လဲရှင်။
လုပ်ငန်းပိုင်ရှင် : လက်နှီး လို့ခေါ်တာပေါ့နော်။ အချောကိုင်တဲ့နေရာမှာ မြေကြီးဆွဲတင်တဲ့နေရာမှာ သုံးတာပေါ့နော်။ လက်နှီးပုဆိုး တောင်မှ ပုဆိုးအကောင်းတွေ သုံးလို့မရဘူး။ ဘာလို့လဲဆိုတော့ ရေနေတဲ့အကောင်နဲ့ ရေမနေတဲ့အကောင် ဆိုပြီးရှိသေးတယ်။ အချောသားတွေကို သုံးလို့မရဘူး။ ရေမတင်လို့လေ။ ဒီဟာက ရေတင်တော့ မြေကြီးဆွဲတင် ချောတော့ ဆွဲတင်ရတာ လွယ်ကူတာပေါ့နော်။